ဒါရိုက်တာ Noah Baumbach ရဲ့ ပြောင်မြောက်တဲ့လက်ရာဖြစ်တဲ့ Marrige Story ဆိုတဲ့ဇာတ်ကားမှာ ကွာရှင်းပြတ်စဲခြင်းကို ပုံဖော်ထားတယ် ။ အဓိကဇာတ်ဆောင်တွေအဖြစ် Adam Driver နဲ့ Scarlett Johansson ကသရုပ်ဆောင်ပေးထားတယ် ။ ဒီကားကိုကြည့်ရတဲ့ ပရိသတ်တို့အနေနဲ့ ဇာတ်ရဲ့အဓိကဇာတ်ဆောင်နှစ်ယောက်ရဲ့ ရင်ထဲကိုသာမြင်နိုင်မယ်ဆိုရင် ကိုယ်တိုင်လည်း တစ်ခုခုကိုဆုံးရှုံးနေရသလိုလို ၊ တစ်ခုခုကိုပဲ မကျေနပ်နေသလိုလို ၊ ဒေါသလား လျစ်လျူရှုမှုခံရတာပဲလား ဆိုတာကိုမသိနိုင်တဲ့ ဟာတာတာခံစားချက်တွေ ရောပြွန်းနေမှာ အမှန်ပဲ ။
ပရိသတ်တို့မှာ ချစ်ရတဲ့သူရှိတယ်ဆိုရင် ကိုယ်က အဲ့ဒီလူကိုဘာလို့ချစ်ရတယ်ဆိုတာ စဉ်းစားဖူးလား ၊ ဘာကိုချစ်လို့ချစ်မှန်းမသိ ချစ်နေရရင်ပြီးရောဆိုပြီးပဲ နေလိုက်တာလား ။ ဥပမာဆိုပါစို့ မိတ်ဆွေအပေါင်းအသင်းတွေကမေးမယ် မင်းကောင်လေးကို/နင့်ကောင်မလေးကို ဘာလို့ချစ်တာလဲဆိုရင် ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေရှေ့မှာ ကိုယ့်ချစ်သူရဲ့ကောင်းကွက်လေးတွေကို စာစီစာကုံးချရေးသလိုမျိုး အားပါးတရပြောနိုင်တဲ့ အချစ်မျိုးကို ပိုင်ဆိုင်ရရင် ကိုယ့်အတွက်ရော သူ့အတွက်ရော ပိုခိုင်မြဲတဲ့ Relationship လေးတစ်ခုကိုပိုတည်ဆောက်နိုင်မယ်လို့ ယုံကြည်ကြလား ။ ဒီကားထဲက ဇနီးမောင်နှံနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အဲ့သလိုအချစ်မျိုးနဲ့ချစ်ကြတဲ့သူတွေပါ ။ ရုပ်ရှင် စစချင်းမှာ သူတို့တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုချစ်ကြတယ်ဆိုတာကို ပြောပြနေကြတာလေးတွေက ကြည်နူးစရာ …
ဒါပေမယ့် ပေါ့ဗျာ ဘယ်အရာမှအားလုံးပြည့်စုံတာမရှိဘူးဆိုတဲ့အတိုင်းပဲလေ ၊ ချစ်နေရုံနဲ့မှ မပြီးတာ အချစ်ကိုဆက်လက်ရှင်သန်နေအောင် ဆက်လက်နွေးထွေးနေအောင် လုပ်ဖို့ကလည်းလိုသေးတာမလား ၊ ချစ်လျက်နဲ့ပဲ တစ်ယောက်လိုအပ်ချက်ကို တစ်ယောက်သိဖို့မကြိုးစားမိတဲ့အခါကြတော့ ဇာတ်သိမ်းဆိုတာရောက်လာတာပေါ့ ၊ အခု ကားလေးကတော့ အဲဒီဇာတ်သိမ်းအကြောင်းကို သရုပ်ဆောင်တွေရဲ့ ဝါရင့်သဘာရင့် သရုပ်ဆောင်မှုတွေနဲ့အတူ ဒါရိုက်တာ Noah Baumbach ကလှလှပပ ပုံဖော်ထားပေးတဲ့ ဇာတ်ကားလေးပါပဲ ။ လူ့သဘာ၀တွေကို ရှင်းရှင်းလင်းလင်းနဲ့ ပုံဖော်သွားပြီး ၊ ကွာရှင်းပြတ်စဲတဲ့အခါမှာ ထွက်ပေါ်လာတဲ့စကားလေယူလေသိမ်း သူနိုင်ကိုယ်နိုင်အပြိုင်ကြဲမှုတွေကတော့ မှတ်သားစရာလည်းကောင်းသလို သူတို့ကိုကြည့်နေရတာ ရင်မောစရာလည်းကောင်းပါတယ် ။

0 comments:
Post a Comment