ပညာရေးမှာ ပြစ်ချက်တစ်ခုရှိလာရင် အကြောင်းပြချက်က မလုံလောက်တဲ့ ဆရာ/မ အင်အားနဲ့ စနစ်ဆိုး.. ဒါတွေဟာ လက်ညှိုးထိုးပြစရာ။ ဘယ်အစိုးရမှ လောက်ငှတဲ့ ငွေပမာဏမပေးမထားတော့ ဝန်ထမ်းတွေလည်း အပြင်စီးပွားရှာတယ်။ အထက်လူကြီးတွေက အာဏာရပါတီကဆိုပြီး မြို့တိုင်းမှာ ပါတီအလံလွှင့်ထူဖို့လောက် ကျောင်းတွေမှာ လစ်လပ်နေတာကို သူတို့ စိတ်မဝင်စားဘူး။ မဲဆွယ်တုန်းခဏပဲ ပြည်သူကို ကြည့်ကြတာပါ။ အဲ့ဒီလို မြို့မျိုးမှာဆို လူသတ်မှုလည်း ထွန်းကားတယ်ဗျ။
ဒီကျောင်းက ထူးဆန်းတယ်။ ကျောင်းမှာ ရာထူးအကြီးဆုံးက ဘဲကြီးက နှာဘူးထတယ်။ ဆရာမတွေကို ရိုသေလေးစားမှုမရှိ။ ကျောင်း အထွေထွေလုပ်သားတွေက အစ လက်မှတ်ထိုးပြီး အိမ်ပြန်စီးပွားလုပ်တယ်။ ဆရာမတွေဟာ ကျောင်းသားတွေရဲ့ အနာဂတ်ထက် ပါးပေါ်က မိတ်ကပ်မပျက်ဖို့ ပိုဂရုစိုက်တယ်။ ကလေးတွေရဲ့ စာဖတ်သံထက် နားထောင်နေတဲ့ နားကြပ်က သီချင်းသံကို ပိုကြားရဖို့ အာရုံစိုက်တယ်။ ဆရာတွေက အရည်အချင်းမရှိဘဲ သင်ပြနေသူတွေ။ ခေတ်နောက်ကျန်ခဲ့ပြီး ခေတ်သစ်ပညာရေးနဲ့အလှမ်းဝေးနေသူတွေ။ ရာထူးတိုးဖို့ လစာတိုးဖို့ပဲ အာရုံစိုက်ပြီး ကိုယ်ကိုယ်တိုင် မသိတဲ့ စာတွေကို ကလေးတွေရှေ့ ဖြီးဖြန်းတယ်။ သချင်္ာဆရာက သချင်္ာရဲ့ အကျိုးကျေးဇူးကို မသိ။ သမိုင်းဆရာက သူပြောမှ သမိုင်းတွေ အသစ်ပေါ်လာ။ ဓာတုဗေဒဆရာက လက်တွေ့ခန်းမမြင်ဖူး။ အင်္ဂလိပ်ဆရာက ကိုယ်ကိုယ်တိုင် အင်္ဂလိပ်လိုမပြောတတ်။ ရာထူးနောက်ကို လိုက်ပြီး အရည်အချင်းမပြည့်ဝတဲ့ ဒီလို ဆရာတွေ။ “ကျောင်းသားတွေကို စာမေးပွဲနဲ့ အမှတ်ပေး အရည်အချင်းစစ်၊အတန်းတင်ပေးကြပေမဲ့ ဘယ်ဆရာ/မကိုမှ အရည်အချင်းစစ်တာမျိုးမှ မရှိဘဲ” ကာယဆရာကတော့ ဗိုက်ရွှဲရွှဲနဲ့။ သူ့ပုံစံက အချိန်ပြည့် နားနေခန်းမှာ စားသောက်ဇိမ်ယစ်လွန်းလို့ ဝပြဲနေတဲ့ပုံနဲ့။ ကျောင်းပတ်ဝန်းကျင် အိမ်တွေက ကျောင်းခြံထဲကို အမှိုက်ပစ်ချတယ်။ ကျောင်းအနီးမှာ ဆေးလိပ်ကွမ်းယာ ရောင်းနေကြတာလည်း ရှိတယ်။ ခြံစည်းရိုးအအပြင်ဘက် ခိုးထွက်နေတဲ့ ကလေးတွေကို တားဆီးမယ့်သူ မရှိ။ ဒီလို ကျောင်းဆိုးမျိုး….
အဲ့လိုစနစ်ပျက်နေတဲ့ ခပ်ဆိုးဆိုး ကျောင်းကို… ခုတော့ ‘သူမ’ ရောက်လာခဲ့ပါပြီ။ ကျောင်းကို သူမ ဘယ်လို စီမံမလဲ။ ဒီကျောင်းရဲ့ပညာရေးကို ဘယ်လို ကောင်းမွန်အောင် လုပ်မလဲ။ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ သူက ဘာလို့ ဒီကျောင်းကိုမှ ရွေးချယ်ခဲ့လဲ ဆိုတာကို စိတ်ဝင်တစား ကြည့်စေမိမှာပါ။
———————————————–
တေလဂူးအချစ်ကားလေးတွေပဲ တင်နေပြီး တမီးလ်ကားမတင်တာ ကြာပါပြီ။ ဒါပေမဲ့ ဒီဇာတ်ကားကတော့ တက်လာလို့ အစမ်းကြည့်ရင်းနဲ့ အကြိုက်တွေ့လို့ ဘာသာပြန်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာ ပညာရေးလောကသားတွေ၊ ဆရာ/မတွေတင် မဟုတ်ဘဲ အားလုံး ကြည့်သင့်တယ်လို့ထင်ပါတယ်။ ပညာရေးနယ်ပယ်ထဲ အဆိုးဆုံးတွေကို တွန်းလှန်တဲ့ မိန်းမတစ်ယောက်ရဲ့ ပညာရေးဦးစားပေး ဇာတ်ကားတစ်ကားပါ။ ကိုယ်ဖြတ်သန်းလာခဲ့ရတဲ့ ပညာရေးစနစ်ကို လည်ပြန်ကြည့်မိရင်ပဲဖြစ်ဖြစ်၊ ရသတစ်ခုခု ရစေရင်ပဲဖြစ်ဖြစ် ကျွန်တော်တို့ တင်ပေးရကျိုးနပ်ပါပြီ။ ကျွန်တော် ဒီဇာတ်ကားကို ကြည့်ပြီးချိန်မှာ ကိုယ်ဟာ ကျောင်းဆရာတစ်ယောက်ဖြစ်ပေမဲ့ ကျောင်းဆရာ အရည်အချင်း ရှိရဲ့လားဆိုပြီး မေးမိပါတယ်။ တော်တော်လေးတောင် ရှက်မိပါတယ်။

0 comments:
Post a Comment