Lage Raho Munna Bhai (2006)


 

Rating : 8.0/10
Country : India
Genre : Comedy, Drama, Romance
Cast : Sanjay Dutt, Arshad Warsi, Vidya Balan
Released Date : 2006
Duration : 2h 24min

အညွှန်း
” Hello ; Good Morning ; Mumbai ” ဆိုတဲ့ နှုတ်ဆက်စကားလေးဟာ ရေဒီယို လေးကနေ ပျံ့လွင့်လို့လာခဲ့တယ်။ သာယာတဲ့ အသံပိုင်ရှင်ဟာလည်း ချောမောလှတဲ့ ကောင်မလေးတစ်ယောက်ပါပဲ။ အသံလွှင့် သူလေးက “ဂျန်ဗီ” ။ဒီအသံလေး ကို ရင်ဘတ်နဲ့ စွဲငြိနေခဲ့မိသူကတော့ လူကြမ်းကြီး မူနာပါပဲ။တစ်နေ့မှာတော့ “ဂျန်ဗီ “ဟာ ရေဒီယို ကဏ္ဍ လေးတစ်ခုကို ကြေငြာလိုက်ပါတယ်။ ဒီ ကဏ္ဍ လေးမှာတော့ အိန္နိယနိုင်ငံရဲ့ နှလုံးလှဖခင်ကြီး ဂန္ဒီ အကြောင်း ကို ဖြေဆိုရင်း သူမနှင့် တွေ့ဆုံနိုငိမယ့် အခွင့်အရေးလေးပါပဲ။ဒီ ကဏ္ဍ အတွက် မူနာ ဟာ အစွမ်းအကုန် အားထုတ်နေခဲ့မိပါတယ်။ မရတာ မရှိ မဖြစ်နိုင်တာ မရှိလေတဲ့ လူကြမ်း မူနာအတွက်တော့ သမိုင်းဆရာ / ပါမောက္ခ တွေကို ဖမ်းဆီးရင်း အကူအညီတောင်းခဲ့ပါတယ်။ ဒီလိုနဲ့ မူနာဟာ မိန်းမလှလေး “ဂျန်ဗီ ” ကို တွေ့ဆုံနိုင်ခဲ့ပါတယ်။လိမ်ညာမှုတရားနဲ့ မူနာ ဆိုပေမယ့် ” ဂျန်ဗီ ” အတွက်တော့ တကယ့် ပါမောက္ခ တစ်ယောက် သဖွယ်ပါပဲ ။ ဂန္ဒီ အကြောင်း နှံ့စပ်စွာ သိနားလည်သူလို့လည်း ထင်မြင်နေခဲ့မိတယ်။ ဒါ့ကြောင့် ဂျန်ဗီ ဟာ မုူနာကို ဂန္ဒီအကြောင်း ဆွေးနွေးပေးဖို့အတွက် သူမရဲ့ အိမ်တော်ရာဆီ ဖိတ်ခေါ်လိုက်ပါတယ်။
“ဂျန်ဗီ ” ရဲ့ ” 2nd inning House ” အိမ်တော်မှာတော့ သားသမီးပစ်ပယ်ခံရတဲ့ အဘိုးအို များကို ပြုစုစောင့်ရှောက်ထားတာပါ။ဒီလိုနဲ့အခက်အခဲ ရှိလာချိန်မှာတော့ မူနာတစ်ယောက် အကြပ်ရိုက်နေခဲ့တယ်။ ချစ်တဲ့ အချစ်စိတ်ဟာ အခက်အခဲကို ကျော်လွှားနိုင်ရမယ်လို့လည်း မူနာယုံကြည်နေခဲ့မိတယ်။ ဒါ့ကြောင့် သုံးရက်တိုင်တိုင် မစားမသောက်ဘဲ ဂန္ဒီအကြောင်း လေ့လာနေခဲ့မိတယ်။ တစ်ညမှာတော့ စာအုပ်ပုံတွေကြား ခေါင်းတင် မှေးစက်သွားတဲ့ မူနာ ဟာ သူ့နာမည်ခေါ်သံကြောင့် နိုးလာခဲ့တယ်။
သူ့ကို ခေါ်နေသူကို သူမြင်လိုက်ပါပြီ။
” မဟတ္တမ ဂန္ဒီ ” ကို သူမြင်မိခဲ့ပါပြီ။
အဖြစ်အပျက်ဟာ ဆန်းကြယ်လှပေမယ့် မူနာ့အတွက်တော့ အဆင်မပြေလှပါဘူး။ သူတစ်ယောက်သာ မြင်ရပြီး အခြားသူတွေ မမြင်ကြရတဲ့အခါ သူရူးတစ်ယောက်လို ဖြစ်နေခဲ့ရပါတယ်။ ဒါပေမဲ့ သူမြင်ရတဲ့ ဂန္ဒီ ( Bapu = ဖခင်) ဟာ သူ့ကို အကူအညီပေးလိမ့်မယ် လို့ ယုံကြည်နေခဲ့ပါတယ်။

ဒီ လို နဲ့ ဂျန်ဗီ တို့အိမ်ရောက်တော့ ပါမောက္ခ တစ်ယောက်လို ဂန္ဒီ အကြောင်းကို စုံစုံလင်လင်ဆွေးနွေးကြပါတော့တယ်။ မူနာ အနောက်မှာတော့ သူ တောင့်တလိုက်တဲ့ ဂန္ဒီရုပ်သွင် ပေါ်လျက်ပေါ့။” တကယ်တော့ ကျွန်တော်တို့ဖခင်ကြီး ဂန္ဒီဟာ အိန္ဒိယ လွတ်လပ်ရေးရဲ့ မီးရှူးတန်ဆောင်ပဲ။ သူဟာလွတ်မြောက်ရေးကို ဖော်ဆောင်ခဲ့ပေမယ့် အခုတော့ ကျွန်တော်တို့ဟာ အကျင့်ပျက်ခြစားနေကြတယ်။ အချင်းချင်းသွေးကွဲ ပြည်ကွဲဖြစ်ကြတယ်။ တကယ်တော့ ဂန္ဒီပုံလည်း နေရာတိုင်းမရှိသင့်တော့ဘူး။ ကျွန်တော်တို့ နှလုံးသားမှာပဲ သူ့ပုံရိပ်ရှင်သန်စေချင်တာ ” လို့ မူနာ က ဆွေးနွေးလိုက်ပါတယ်။အဲ့ဒီနောက်ပိုင်း မှာတော့ မူနာဟာ “ဂျန်ဗီ “ရှိရာ ရေဒီယို ဌာနလေးမှာပဲ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ သူအနေနဲ့ “ပရိသတ်”များရဲ့ အခက်အခဲများကို တိုင်ပင်ဆွေးနွေးပေးဖို့ပါ။တစ်ဖက် သူ့ အလုပ်မှာလည်း ဒုစရိုက် ကမ်းလှမ်းမှု ရှိလာခဲ့ပါတယ်။ ကမ်းလှမ်းသူက စီးပွားရေးကွက်ကျော်မြင်တတ်သူ Lucky Singh ပါ။ Lucky Singh အနေနဲ့ သူလိုချင်တဲ့ အိမ်တော်ကို အကြမ်းနည်းနဲ့ သိမ်းပိုက်ချင်တာပါ။ ဒီအလုပ်ကိုတော့ မူနာ ကို အပ်ထားခဲ့ပါတယ်။ဒါပေမဲ့ မူနာကတော့ အချစ် ရေးတစ်ဖက်နဲ့မို့ သူ့တပည့် ဆားကစ် ကိုလွှဲထားပါတယ်။ကံကြမ္မာ ဟာ ကံကောင်းသလိုလိုနဲ့ ပြိုလာခဲ့ဟန်တူပါသည်။ ကံဆိုးခြင်းကလည်း မူနာကို စတင်ရိုက်ခတ်လာခဲ့ပါပြီ။ တိုက်ဆိုင်မှုတစ်ရပ်က Lucky Singh ခိုင်းစေထားသည့်အိမ်ဟာ ဂျန်ဗီရဲ့ “2nd inning house ” ဖြစ်နေခဲ့တာပါပဲ။ အဲ့ဒီအချိန်မှာတော့ လူဆိုးကြီး မူနာ အကြပ်ရိုက်သွားပုံကတော့ ………… ?ဒီနေရာမှာ Lucky Singh က မူနာရဲ့ အယောင်ဆောင်မှုကို သိနေခဲ့သူ / ဂျန်ဗီကလည်း အိမ်တော်နဲ့ပတ်သက်လို့ ဒုက္ခရောက်နေခဲ့သူ ဖြစ်နေတာမို့ မူနာအတွက် ဘယ်လိုဖြေရှင်းမလဲ။ ဘယ်သူက ကူညီရင်း ဘယ်လို ဘယ်ပုံ ရုန်းထွက်မလဲဆိုတာကတော့ ရင်ခုန်လိုက်ပါဦး။ဒီကားဟာ ရှေးတစ်ကားလို ဟာသတွေရောပြွမ်းရင်း ဒဿန ထည့်ပေးတဲ့ ပညာပေးကားလည်း ဖြစ်ပါတယ်။ တွေးတော စဉ်းစားမှုတွေလည်း ပေးစွမ်းနိုင်တဲ့ကားလည်းဖြစ်ပါတယ်။ သီချင်း ကလည်း အမျိုးချစ်တတ်မှုသင်္ကေတကို ခံစားစေသလို ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် ကြုံရင် ကြည့်သင့်တဲ့ ကားတစ်ကားအဖြစ် သင့်စာရင်းထဲ ထည့်မှတ်ထားဖို့ အကြံပြုပါရစေ။

0 comments:

Post a Comment