Remember (2015)

20 Episodes

Rating : 8.4/10
Country : South Korean
Genre : Suspense,Thriller,Law,Romance,Crime,Drama,Melodrama,Tragedy,Investigation
Cast : Yoo Seung Ho,Park Sung Woong,Nam Goong Min,Park Min Young

ဒီဇာတ်လမ်းလေးကို ကြည့်မယ်ဆိုရင် တစ်ရှုးလေးဖြစ်ဖြစ် လက်ကိုင်ပုဝါလေးဖြစ်ဖြစ် ဆောင်ထားကြဖို့ပါ :3
မျက်ရည်ပေါက်ပေါက် ကျရမယ့် ကားလေးမို့ပါနော်

ဇာတ်လမ်းအညွှန်း ရေးရမယ်ဆိုရင်ဖြင့် ဆောဂျင်ဝူးဆိုတဲ့ ကောင်လေးဟာ အင်မတန်မှ မှတ်ဉာဏ်ကောင်းပြီး တစ်ခါမြင်လိုက်ရုံနဲ့ အားလုံးကို ခရေစေ့တွင်းကျ မှတ်မိနိုင်တဲ့ ထူးခြားတဲ့ ပါရမီရှင် အထက်တန်းကျောင်းသားလေးပါ။အဖေတစ်ခု သားတစ်ခုဘဝနဲ့ တစ်ယောက်ကို တစ်ယောက် ငဲ့ညှာပြီး အင်မတန်မှ ပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ရင်း ပေါ့ပေါ့ပါးပါးနဲ့ ဖြတ်သန်းလာခဲ့ကြပါတယ်။

ဒါပေမယ့် လောကဓံဆိုတာကလဲ အမြဲတမ်း မျက်နှာသာ မပေးတတ်ပါဘူး။အကောင်းနဲ့အဆိုး ဒွန်တွဲနေတယ်ဆိုတာကို တစ်နေ့မှာတော့ သူ လက်တွေ့ ကြုံလိုက်ရပါတော့တယ်။သားအဖနှစ်ယောက်ရဲ့ သီရိဂေဟာလေးကို ဖျက်ဆီးလိုက်တဲ့ မုန်တိုင်းကတော့ ဖခင် ဆောဂျေယော့တစ်ယောက် လူသတ်မှုနဲ့ မှားယွင်း အဖမ်းခံလိုက်ရခြင်းပါပဲ။ဒါ့အပြင် ကံဆိုးမသွားရာ မိုးလိုက်လို့ရွာတဲ့ အဖြစ်တစ်ခုကတော့ ဆောဂျေယော့ဟာ တစ်စတစ်စနဲ့ အယ်ဇိုင်းမားလ် ဖြစ်လာခဲ့တာမို့ ဘာကိုမှ မမှတ်မိနိုင်တော့ပါဘူး။

အဲဒီအချိန်မှာ ဆောဂျင်ဝူးတစ်ယောက် ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့မှုဒဏ်ကို ကြံ့ကြံ့ခံရင်း အဖေဖြစ်သူကို ရတဲ့နည်းနဲ့ ကယ်ဖို့ ကြိုစားခဲ့ပါတယ်။သူ့အဖေကို လူသတ်တရားခံလို့ အားလုံးက ဝိုင်းလက်ညှိုးထိုးပြီး ရှောင်ဖယ်နေချိန်မှာ ဘေးကနေ ကူညီနှစ်သိမ့်ပေးခဲ့သူကတော့ ဥပဒေကျောင်းသူလေး အင်အာပါ။သူတို့နှစ်ယောက် ပေါင်းပြီး ဆောဂျေယော့မှာ အပြစ်မရှိကြောင်း သက်သေပြဖို့ ကြိုးစားကြပါရော။

ဒါပေမယ့် ” Money can make everything ” ဆိုတဲ့အတိုင်း လူသတ်တရားခံအစစ်ဖြစ်သူက ငွေနဲ့ အရာရာကို လွှမ်းမိုးထိန်းချုပ်သွားတဲ့အတွက်ကြောင့် မအောင်မြင်ခဲ့ပါဘူး။

အဲဒီမှာတင် ငွေကြေးနဲ့ အာဏာဒဏ်ကို အလူးအလှိမ့်ခံစားလိုက်ရတဲ့ ဆောဂျင်ဝူးတစ်ယောက် စိတ်အနာကြီးနာပြီး အားလုံးရဲ့မျက်စိရှေ့ကနေ ပျောက်ကွယ်သွားခဲ့ပါတော့တယ်။လေးနှစ်ကြာလို့ သူ ပြန်ရောက်လာခဲ့တဲ့အချိန်မှာတော့ သူဟာ ရှေ့နေတစ်ယောက် ဖြစ်လို့နေပါပြီ။

ကဲ ဒါဆိုရင် ဆောဂျင်ဝူးတစ်ယောက် တစ်ဦးတည်းသော မိသားစုဝင်ဖြစ်တဲ့ အဖေဖြစ်သူမှာ အပြစ်မရှိကြောင်း သက်သေပြနိုင်ဖို့ ဘယ်လိုတွေ ဆက်ကြိုးစားသွားမလဲ၊သူ့အဖေကို ထောင်ထဲ ပို့ခဲ့တဲ့ ငွေရှင်ကြေးရှင် လူသတ်သမားကိုရော ဘယ်လို လက်တုံ့ပြန်သွားမလဲ၊သူ့ကို ကူညီပေးမယ့် အင်အာကရော ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကို ဆက်လက် ကြည့်ရှုခံစားလိုက်ကြပါဦးနော်။

အဓိကမင်းသားအဖြစ် ” I’m not a robot ” ကားထဲက နာမည်ကျော်မင်းသား Yoo Seung Ho နဲ့ မင်းသမီးကတော့ အားလုံးက ကင်နာနာ၊ဂင်မီဆိုလို့ လူသိများကြတဲ့ Park Min Young ပါ။သူတို့နှစ်ယောက်ရဲ့ အတွဲညီညီ ပေါင်းစပ်မှုကနေ
ခါတိုင်းလို ro တလိုင်းကနေ ခွဲထွက်ပြီး အရမ်း ဖီးလ်ရမယ့်ကားလေးမို့ စိတ်ကြိုက် တွေ့စေမှာပါဆိုတာ အပြည့်အဝ အာမခံပါတယ်နော်။

0 comments:

Post a Comment