2046 (2004)


 

Rating : 7.4/10
Country : China
Genre : Drama, Romance, Sci-Fi 
Cast : Tony Chiu-Wai Leung, Ziyi Zhang, Faye Wong
Released Date : 2004
Duration : 2h 9min

အညွှန်း
“2046”… ဒီနံပါတ်ဟာ
အချိန်ကာလတစ်ခုဖြစ်ချင်ဖြစ်မယ်
ဟိုတယ်အခန်းတစ်ခုရဲ့နံပါတ် ဖြစ်ချင်ဖြစ်မယ်။
အချိန်လား‌ နေရာလား ထားလိုက် အရေးမပါဘူး။
အရေးပါတာက အဲ့ဒီမှာ ဘာမှမပြောင်းလဲဘူးဆိုတဲ့ အချက်။
ချစ်မိသူတွေဟာ မပြောင်းလဲနိုင်တဲ့ ကမ္ဘာကြီးကိုလိုလားကြတယ်။
အထူးသဖြင့် သူတို့ချစ်တဲ့သူတွေရဲ့နှလုံးသားတွေမပြောင်းလဲဖို့ လိုလားကြတယ်။
၂၀၄၆ဟာ ဘာမှ မပြောင်းလဲ တဲ့နေရာ။
ဒီတော့ သူတို့၂၀၄၆ကိုသွားကြတယ်။တစ်ရံတစ်ခါမှာ ပဟေဠိဆန်တဲ့ ရထားတစ်စီးက ၂၀၄၆ကို ထွက်ခွာတယ်။
၂၀၄၆ကိုသွားတဲ့ ခရီးသွားတိုင်းမှာ တူညီတဲ့ ရည်ရွယ်ချက်တစ်ခုရှိတယ်
သူတို့က သူတို့ရဲ့ ဆုံးရှုံးသွားတဲ့ မှတ်ညဏ်တွေကို ပြန်လည်ဖမ်းဆုပ်လိုကြတယ်။
တစ်ချို့ကတော့ ၂၀၄၆ကို လွယ်လွယ်လေးရောက်သွားကြပေမယ့် တစ်ချို့အတွက်ကျတော့ခရီးက အများကြီးပိုရှည်ကြာတယ်။ခရီးသည်လက်စွဲ အပိုဒ်၂၀၁မှာ ဧရိယာ ၁၂၂၄-၁၂၂၅မှာ အရမ်းအေးတယ်လို့ သတိပေးထားတဲ့အပြင် ခရီးသည်တွေအနေနဲ့ အနွေးဓာတ်ရအောင် တစ်ယောက်ကိုတစ်ယောက် ဖက်ထားကြဖို့ အကြံပြုထားသေးတယ်။
၁၂လပိုင်း ၂၄ရက်နေ့ ၁၂လပိုင်း ၂၅ရက်နေ့ ခရစ္စမတ်အကြိုနေ့နဲ့ ခရစ္စမတ်နေ့။
ဒီလိုအချိန်တွေမှာ လူတွေက ပုံမှန်ထက်ပိုပြီးနွေးထွေမှုကိုလိုကြတယ်တဲ့။
ဒါကဧရိယာ ၁၂၂၄-၁၂၂၅ဆိုတဲ့နိမိတ်ပုံရဲ့ ဖွင့်ဆိုချက်ပါပဲ။
ဒါဆို ၂၀၄၆ဆိုတာကရော..။
ရထားကြီးကရော…..။
အဖြေတွေစုပေါင်းရရှိပြီးတဲ့နောက် ဒီရုပ်ရှင်မှာ
အချစ်ဆိုတဲ့အရာကိုပဲ ထင်ရှားမြင်နေရတယ်။
ဇာတ်ကောင်တွေတိုင်းရဲ့ အချစ်တွေဟာ
နာကျင်ကြေကွဲစရာ ကောင်းတယ်။
ကျန်းဇီယီရဲ့ ပိုင်လင်း
တိုနီလောင်ချူဝေရဲ့ ချောင်မိုဝမ်
ဂေါင်လီရဲ့ ဆိုးလိုင်ချန်
မက်ဂီချန်ရဲ့ ဆိုးလိုင်ချန်
ဖေးဝေါင်ရဲ့ ဝမ်ကျင်
ကာရီနာလောင်ရဲ့ လူလူ….။
အထူးသဖြင့် ကျန်းဇီယီရဲ့ ပိုင်လင်းဟာ
သိပ်ရင်နာစရာကောင်းတယ်။
ပြောရရင် Days of Being Wildနဲ့
In the mood for loveထဲက
လူအကုန်ပါတယ်။
ချစ်တယ်ဆိုတာ
လက်ချင်းတွဲပြီး ရည်ရွယ်ချက်မရှိဘဲ လမ်းလျှောက်ခြင်းတစ်မျိုးဆိုတဲ့အယူကို ကျွန်တော်လက်ခံထားတာကြာပြီ
ဒါပေမဲ့ ဒီရုပ်ရှင်ထဲက ဇာတ်ကောင်တွေအတွက်တော့ အချစ်ဟာ ဒီလိုမဟုတ်ခဲ့ဘူး။
ဘယ်လိုပဲဖြစ်ဖြစ် Days of Being Wild၊ In the mood for Love၊ 2046စတဲ့ဝေါင်ကာဝေးရဲ့ Informalသုံးကားစလုံးက
အချစ်ဆိုတာကို လက်တွေ့အဆန်ဆုံးပြထားတဲ့ ရုပ်ရှင်တွေလို့ပဲ ကျွန်တော်မြင်တယ်။
2046မှာ ရင်ထဲထိတဲ့ အခန်းတွေစီတန်းပြောရရင် တစ်ကားလုံး လည်းကုန်သွားနိုင်တယ်။ကြည်နူးဆွတ်ပျံ့စရာအချစ်ဇာတ်လမ်းတွေထက်ကြေကွဲဝမ်းနည်းစရာအချစ်ဇာတ်လမ်းတွေက
ရိုမန့်တစ်ပိုဆန်တယ်လို့ လက်မခံချင်လည်း လက်ခံရတော့မှာပါပဲ။
Informalသုံးကားဟာ ဝေဒနာကို ဂြိုလ်တွေလို ခါးပတ်ကွင်းစွပ်ထားတဲ့အချစ်ကိုမှ လွှတ်မချနိုင်ခဲ့တဲ့ လူတွေအကြောင်းပေါ့။
ကံအ‌ကြောင်းမလှရင် ကျွန်‌တော်တို့အတွက်လည်း
အချစ်ဟာ လွှတ်ချမရတဲ့
ဒုက္ခအိုးလေးဖြစ်သွားနိုင်တာပါပဲ။
ဒါပေမဲ့လည်း ကြားဖူးတဲ့သီချင်းလေးထဲကလို
” လူမှန်ရင်အချစ်ကမ္ဘာကိုရှာစမြဲမို့လေ
ရှာခဲ့ရဖူးတယ် မေ”

0 comments:

Post a Comment