အချစ်ဟာ ဘဝတော့ မဟုတ်ဘူး။ ဒါပေမယ့် အချစ် မပါဘဲလည်း ဘဝဟာ မပြည့်စုံနိုင်ဘူးတဲ့။ ဒီစကားဟာ တကယ်ကော မှန်ရဲ့လား။ ဒါဆို အချစ်တော့ ရှိခဲ့ဖူးတယ်။ ဒါပေမယ့် ဖူးစာမဆုံတဲ့ အချစ်ဆိုရင်ရော၊ ဘဝဟာ ပြည့်စုံမှာလား။ တကယ်လို့များ ဖူးစာမဆုံတဲ့ အချစ်ကိုသာ တွေ့ခဲ့ရရင် ဘဝကို ဘယ်လို အားအင်မျိုးနဲ့ ဖြတ်သန်းရမလဲ။ တကယ်တော့ အချစ်က အချစ်၊ ဖူးစာဟာ ဖူးစာ၊ ဘဝက ဘဝက အားလုံး သက်သက်စီပါပဲ။
အူမာက ပီအိချ်ဒီကျောင်းသား၊ သူ ချစ်တာက ပါလဗီ။ ပါလဗီက အူမာ့ကို အချိန်တွေ အများကြီး စောင့်ကြည့်ပြီးမှ အဖြေပေးခဲ့တာ။ ငယ်ရွယ်သူတွေပေမယ့် စိတ်အလိုလိုက် မိုက်ရူးရဲ မဆန်ဘဲ ရှေ့ရေးအတွက် စိတ်ချရတဲ့ အခြေအနေရောက်မှပဲ အိမ်ကို ဖွင့်ပြောကြမယ်လို့ သဘောတူထားကြတယ်။ ကျောင်းတွေ ပိတ်လို့ ချစ်သူနှစ်ဦး ခွဲခွာအပြီးမှာ နှစ်ယောက်သား အလုပ်ကိုယ်စီနဲ့ အထိုင်ကျအောင် စုကြ ဆောင်းကြတယ်ပေါ့လေ။ အူမာတစ်ယောက် သူတို့ချစ်ခရီးက သာယာဖြောင့်ဖြူးလိမ့်မယ်လို့ ထင်မိတုန်းမှာပဲ အူမာ့အဖေက သားအကြီး အာရမ်ကို ပါလဗီနဲ့ မင်္ဂလာဆောင်တော့မှာမို့ ပြန်လာဖို့ လှမ်းခေါ်တယ်။
သနားစရာ ပါလဗီခမျာလည်း ဘုမသိ ဘမသိနဲ့ မိဘတွေက အားလုံး စီမံပြီးမှ ဖွင့်ပြောတာဆိုတော့ မျက်ရည်လည်ရွဲနဲ့ပဲ လက်ခံလိုက်ရတယ်။ အူမာနဲ့ ပါလဗီတို့ရဲ့ အချစ်က နဖူးစာ မင်ရေကျဲရော့ထင့်။ ချစ်ရမည့်ကံ ပါသော်လည်း ပေါင်းရမည့်ကံတော့ ပါမလာရှာဘူး။ ဒီလိုနဲ့ အချိိန်အတော်ကြာပြီးနောက် ပါလဗီက အူမာနဲ့ ပြန်တွေ့တယ်။ အူမာဟာ အခုတော့ အရက်သမားကြီးလုံးလုံး ဖြစ်လို့။ ပါလဗီ့ကိုလည်း တစ်နေ့မှ မေ့မရပါဘူးတဲ့။ ကံဇာတ်ဆရာရဲ့ လှည့်စားမှုကို မခံနိုင်ရှာတဲ့ ငယ်ချစ်ဦး အူမာရဲ့ ဘဝကို မပျက်စီးအောင် ပါလဗီ ကယ်မှပဲ ရတော့မယ်။
ပါလဗီဟာ ပညာလည်း တတ်၊ သစ္စာလည်း ရှိတဲ့၊ အိမ်ရှင်မကောင်းတစ်ဦးပီပီ တစ်ချိန်က အချစ်ဦး အူမာ့ကို အချစ်နဲ့ ဘဝဟာ သက်သက်စီ ဖြစ်တဲ့အကြောင်း လှပစွာ သက်သေပြခဲ့တာကိုတော့ ဖန်သားပြင်မှာ ဆက်လက် ကြည့်ရှုကြပါလို့စ်။
IMDb မှာ 7.9 ရထားတာ အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ အက်ဒမင်ဆို ဒီကား စလာလာချင်း စာတန်းထိုးတဲ့ အဖွင့်သီချင်းမှာပဲ ကြွေသွားတယ်။ နောက်ခံသီချင်းနဲ့ တီးလုံးတွေကတော့ ရှယ်ပဲ။ ဒီသုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးမှာ အချစ်အပေါ်၊ ဘဝအပေါ် ထားတဲ့ အမြင်တွေဟာ ချစ်တိုင်းလည်း မညားခဲ့ရတဲ့သူတွေအတွက် တစ်ချိန်က ကိုယ့်အဖြစ်တွေကို ပြန်မြင်ယောင်စေမှာတော့ သေချာပါတယ်။ ခေါင်းဆောင်ပါဝင်တဲ့ မင်းသားကို ပရိသတ်တွေ ကြည့်ဖူးကြမှာပါ။ အသတ်ခံရလို့ ယင်ကောင်အဖြစ် ဝင်စားပြီး ကလဲ့စား ပြန်ချေတဲ့ ရုပ်ရှင်ထဲက မင်းသား နာနီပါ။ သူက အချောကြီး မဟုတ်ပေမယ့် မြင့်မြတ်လိုပဲ သရုပ်ဆောင်တာ သိပ်သဘာဝဆန်တယ်။ ဒီကားထဲမှာလည်း ချစ်ကံခေတဲ့ အူမာအဖြစ် သရုပ်ဆောင်ထားတာပါ။

0 comments:
Post a Comment