ချစ်ခြင်းမေတ္တာ ဟာ ဘယ် ဘာသာတရားအပေါ်မှာမှ မမူတည်ဘဲ သီးသန့်တည်ရှိနေခဲ့တယ် ဆိုတာကို သက်သေထူခဲ့တဲ့ သမိုင်းသာဓက များစွာ ရှိနှင့်ခဲ့ကြပါတယ်။ ဓလေ့ ယဉ်ကျေးမှုတွေနဲ့ မတူကွဲပြားခြင်းတွေ ရှိနှင့်ပါစေဦး။ မျက်ဝန်းရဲ့ ဘာသာစကားနဲ့ နှလုံးသားကို ဖော်ကျူးနိုင်ပါလျှင် သာယာ လှပသော အနာဂတ်ကို အတူတကွ ဖန်တီးနိုင်ကြမည် မဟုတ်ပါလော။
ဒီဇာတ်ကားလေးဟာလည်း ထို့အတူ ပါပဲ။
၁၆ ရာစု ရဲ့ မဂို ဧကရာဇ် " ဂျလာလူဒင်မိုဟာမက် " နဲ့ ရာဇပွတ် ပြည်ထောင်ဖွား မင်းသမီး "ဂျိုဓာ"တို့ရဲ့ ချစ်မေတ္တာ ကို အဓိက ဖော်ကျူးထားတဲ့ ဇာတ်အိမ်လေးပါ။
"ဂျလာ" ဆိုတာက ဖခင် ရဲ့ ရည်မှန်းချက်အတိုင်း မဂိုအင်ပါယာ ချဲ့ထွင်နိုင်ဖို့ ကြိုးစားနေခဲ့သူပါ။ ထို့ကြောင့် အခြားတိုင်းပြည်တွေထံ ရာဇသံ ပေး၍ သစ္စာခံစေခဲ့ပါတယ်။ ဒီလိုနဲ့ မဂို အင်ပါယာ ဟာ တန်ခိုးထွားလာခဲ့ပါတယ်။
နယ်မြေချဲ့ထွင်မှု နဲ့ စစ်ပွဲတွေ ဆင်နွှဲခဲ့သော်လည်း "ဂျလာ "ဟာ အရိုင်းအစိုင်း ဘုရင်တစ်ပါးတော့ မဟုတ်ခဲ့ပါဘူး။ စစ်သုံ့ပန်းများကို ကျွန်မပြု ရ ဟူသော အမိန့် တွေနဲ့ သက်ညှာမှု ထားခဲ့တဲ့ ဘုရင်မျိုးပါ။
တစ်ဖက် တိုင်းပြည်မှှာလည်း " ဂျိုဓာ" ဟာ ဓားရေးကျွမ်းကျင်ပြီး ထက်မြက်လှတဲ့ မင်းသမီးလေးတစ်ပါးပါ။ "ဂျိုမာ "မှာ တော့ အင်မတန် ချစ်လှစွာသော ဝမ်းကွဲအစ်ကို "ဆူဂျမာ " မင်းသားရှိပါတယ်။ "ဆူဂျမာ "ဆိုရင်ဖြင့် အိမ်ရှေ့စံနေရာ ရလာမယ့် မိသားစုအမွေခံတစ်ယောက်လည်း ဖြစ်ပါတယ်။
ဒါပေမဲ့ အရာရာ ဟာ ဆူဂျမာ ထင်သလို မဖြစ်ခဲ့ပါဘူး။ လက်ရှိဘုရင် ဘာမာ ( ဆူဂျမာ ဦးရီးတော် ) က သူ့သမီး ဂျို ဓာ ကို မင်းသားတစ်ပါးနဲ့လက်ဆက်စေပြီး နန်းဘုရင် အရိုက်အရာကိုလည်း သမက်တော်က ဆက်ခံမည်ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။
ဒီလို အကြောင်းမျိုးကြောင့် "ဆူဂျမာ "ဟာ တိုင်းပြည်က ထွက်ခွာသွားပြီး နန်းပြန်လုနိုင်ဖို့ အရေးကြံစည်ခဲ့ပါတော့တယ်။ ရှရီဖူဒင် ဆီ ချဉ်းကပ်ပြီး အပြန်အလှန်ကူညီစေဖို့ ညှိနှိုင်းခဲ့ပါတယ်။
ရှရီဖူဒင် ဆိုတာက မဂိုဧကရာဇ် " ဂျလာ "ရဲ့ ယောက်ဖတော်ပါ။ ဒါပေမဲ့လည်း ရှရီဖူဒင်ရဲ့
လောဘက အိန္ဒိယတစ်တိုင်းပြည်လုံးကို အုပ်စိုးလို ချင်ခဲ့တယ်။ တစ်နေ့တချိန်ချိန်မှာ ယောက်ဖတော်ကို ပုန်ကန်ရင်း မဂို အင်ပါယာကို သိမ်းပိုက် ဖို့ စဉ်းစားနေခဲ့သူပါ။
ဒီလိုနဲ့ ဆူဂျမာ ရဲ့ အကြံကို ကြားသိသွားတဲ့ ဘာမာ (ဂျိုဓာ့ ခမည်းတော် ) ဟာ သွေးချောင်းစီးမယ့် စစ်ပွဲအတွက် ရတက်မအေးခဲ့ပါဘူး။ ဒါ့ကြောင့် မဂို ဧကရာဇ် ထံပါး သစ္စာခံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ အကြံအစည်ကိုတော့ ရာဇပွတ်ပြည်ထောင် အခြားတိုင်းပြည် များက သဘောမတူခဲ့ပေ။
သို့ပင် ဘာမာ ဟာ မဂိုဧကရာဇ် "ဂျလာ"ထံ သစ္စာခံခဲ့ပြီး နှစ်နိုင်ငံ ချစ်ကြည်မှု အတွက် သမီးတော် "ဂျိုဓာ " ကိုလည်း လက်ဆက်ပေးခဲ့ပါတယ်။ဒါဟာ မင်းသမီး "ဂျိုဓာ "အတွက်တော့ ဘာသာလည်းမတူ ချစ်လည်း မချစ်သေးသည့် ဘုရင် ကို လက်ထပ်ခဲ့ရတာပါ။
ဂျိုဓာ့ အတွက်တော့ "ဂျလာ " ကို တောင်းဆိုမှုတွေရှိခဲ့ပါတယ်။ မိမိ မိရိုးဖလာကိုးကွယ်ခဲ့သည့် ဟိန္ဒူဘာသာ အား ကိုးကွယ်ခွင့်ပြုပါရန်နှင့် နန်းတွင်း၌ ကျောင်းဆောင် ဆောက်လုပ်ခွင့် ပြုရန်တို့ကို တောင်းဆိုခဲ့ပါတယ်။
"ဂျလာ " က မူဆလင် ။ "ဂျိုဓာ "က ဟိန္ဒူ ။
ဒီလို ဘာသာတရားတွေမတူ ခဲ့သော်လည်း
"ဂျိုဓာ "ကို ချစ်ခင်စုံမက်သွားတဲ့ "ဂျလာ"ဟာ
သဘောထားပြည့်ဝစွာ လက်ခံပေးခဲ့ပါတယ်။ လောက ရဲ့ စိတ်အသွင် မတူသူတွေကြား ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်နိုင်ကြောင်းလည်း မိန့်ကြားခဲ့ပါတော့တယ်။
ဒီလိုနဲ့ ယဉ်ကျေးမှု မတူညီတဲ့ အသိုင်းအဝိုင်းတစ်ခုဆီ ဂျိုဓာ ရောက်ရှိလာခဲ့တဲ့အခါမှာတော့ ………………။
အနာဂတ်ဟာ ကြိုတင်မှန်းဆ လို့မရခဲ့သလို မျှော်လင့် ထားသလို ဖြစ်လာဖို့လည်း
ခဲယဉ်းလှပါတယ်။
အခု လည်း "ဂျလာ " နဲ့ "ဂျိုဓာ " တို့ ဆက်ဆံရေးက ဘယ်လို ဖြစ်လာကြမလဲ။ နန်းတွင်း ဂယက်တွေ သွေးထိုးမှုတွေကြား ချစ်ခြင်းမေတ္တာ တစ်ခုဟာ ဘယ်လို ရပ်တည်ခဲ့ကြမလဲ ဆိုတာ ရင်ခုန်စရာကောင်းပါတယ်။
ဒါ့ပြင် ဒါရိုက်တာ ရဲ့ ပါးနပ်မှု / စေ့စပ်သေချာမှုတွေကြောင့် နန်းတွင်းအပြင်အဆင်ကအစ အင်မတန် ခမ်းနားသက်ဝင်လာပါတယ်။
သီချင်းတေးဂီတ နဲ့ ဝမ်းနည်းမှု -ဝမ်းသာမှု - ကြည်နူးမှု တွေကလည်း ရသမြောက်လှပါတယ်။ ဆုပေါင်း နှစ်ဆယ်ကျော်ရရှိထားခဲ့ပြီး ဝေဖန်သူတွေ အကြိုက်ဇာတ်ကာကောင်းတစ်ခုဆိုလည်း မမှားပါဘူး။
မင်းသား ရိုရှန် ရဲ့ တည်ကြည်မှု သရုပ်ဆောင်ပီပြင်မှုတွေကြောင့် "မဂို ဧကရာဇ် ဂျလာ ( သို့ ) အက္ကဘာ ဘုရင်ရဲ့ ပုံရိပ်ဟာ ရုပ်လုံးကြွလာပါတယ်။ ခေါင်းဆောင်ကောင်း တစ်ယောက်ရဲ့ ရဲရင့်မှုတွေ သဘောထား ပြည့်ဝမှုတွေက ကျွန်တော် တို့ သင်ယူစရာ ဖြစ်လာရပါတယ်။ ဘာသာမတူ ခြင်းတွေကြား ဘေးချိတ်လို့ကောင်းသူ မကောင်းသူ ကြား ဆုံးဖြတ်မှုတွေက ဘာသာရေးအတွေးခေါ် ပိုပြည့်ဝလာစေပါတယ်။
ဒါ့ပြင် "ကြီးမြတ်တဲ့စစ်ပွဲဆိုတာ သွေးမြေတစ်စက်မျှ မကျစေဘဲ အောင်မြင်ခြင်းပဲဖြစ်တယ် " ဆိုတဲ့ စကားရပ်ဟာလည်း ဉာဏ်အမျှော်
အမြင် ရှိမှုနဲ့ ငြိမ်းချမ်းရေး ကို မီးမောင်း
ထိုးပြသလိုပါပဲ။
ဒါ့ကြောင့် ဆုပေါင်း ၂၀ ကျော် ရထားတဲ့ ဇာတ်ကားကို သင် လက်လွှတ်မခံသင့်ပါကြောင်း
ပြောလိုက်ပါရစေ။
0 comments:
Post a Comment