Tesla (2020)

 

Rating : 5.2/10
Country : United State
Genre : Biography, Drama  
Cast : Ethan Hawke, Eve Hewson, Eli A. Smith 
Released Date : 2020
Duration : 1h 42min

အညွှန်း
ဒီရုပ်ရှင်အကြောင်းကိုမပြောခင်မှာ Teslaဆိုတာဘယ်သူလဲဆိုတာကိုပြောချင်ပါတယ်။တောမတ်စ်အယ်ဗာအယ်ဒီဆင်လို့ပြောလိုက်ရင် ကမ္ဘာအနှံ့ကလူတိုင်းကလေးကအစခွေးအဆုံးသိပြီး သမိုင်းမှာရော ကျောင်းသင်ခန်းစာတွေမှာပါတခမ်းတနားနဲ့အလေးပေးဖော်ပြခံရတဲ့ ၁၉ရာစုရဲ့တီထွင်သူကြီးပေါ့။နီကိုလာတက်စ်လာကတော့ အယ်ဒီဆင်နဲ့ခေတ်ပြိုင်ပြောင်မြောက်လှတဲ့
လျှပ်စစ်ဆိုင်ရာတီထွင်မှုတွေလုပ်ခဲ့ပြီး အိုင်းစတိုင်းကတောင်သူ့ထက်တော်တယ်လို အသိမှတ်ပြုပြီးလေးစားရတဲ့ ဉာဏ်ကြီးရှင်တီထွင်သူတစ်ယောက်ပါ။ဒါပေမယ့် ဒီနေ့ခေတ်မှာ သူ့ကိုမသိတဲ့သူအများအပြားပါပဲ။AC Vs DCဆိုတာ Tesla Vs Edisonပါပဲ။ကနဦးမှာ တက်စ်လာဟာ အယ်ဒီဆင်ရဲ့အလုပ်မှာ လုပ်ခလေးနည်းနည်းနဲ့အလုပ်လုပ်ခဲ့တယ်။သူကြံဆတဲ့ Alternating currentကို အယ်ဒီဆင်က စိတ်မဝင်စားတဲ့အပြင်ACဟာလက်တွေ့မကျဘူး အန္တရာယ်များတယ်လို့ပြောခဲ့တယ်။DC generation plantsတွေကိုတိုးတက်အောင်လုပ်ပေးနိုင်ရင်ဒေါ်လာငါးသောင်းပေးမယ်ဆိုပြီး လောင်းကြေးထပ်ခဲ့ပေမယ့်တကယ်ဖြစ်လာတဲ့အခါ အယ်ဒီဆင်က‘မင်းက ငါတို့အမေရိကန်တွေနောက်ပြောင်တာကိုနားမလည်ဘူးပဲ’ဆိုပြီးလျှော်သွားတဲ့အတွက် တက်စ်လာဟာ အလုပ်ထွက်ပြီး ကိုယ်ပိုင်ACကုမ္ပဏီထောင်ခဲ့ပါတယ်။နောက်ပိုင်းလျှပ်စစ်ဖြန့်ဖြူးရာမှာ ACက DC (Direct Current)ထက်အကျိုးများလာတဲ့အခါအယ်ဒီဆင်ဘက်က AC currentကြိုးကိုဆင်မှာပတ်ပြီးသေစေတဲ့အကွက်‌တွေထိပါသုံးပြီး ACကိုတိုက်ခိုက်ခဲ့တယ်။ဒါပေမယ့် နိုင်ရာဂါရာရေတံခွန်ကိုအခြေခံပြီး ACရေအားလျှပ်စစ်သုံးစက်ရုံကိုတည်ဆောက်နိုင်ပြီး‌ အောင်မြင်တဲ့အတွက် ကမ္ဘာတစ်ဝှမ်းက ACကိုသုံးစွဲလာတယ်။အယ်ဒီဆင်ဟာလည်း ကျော်ကြားတဲ့တီထွင်မှုပေါင်းများစွာကိုလုပ်ခဲ့သူတစ်ယောက်။ထက်မြတ်တယ်၊ အကွက်မြင်တယ်၊ တီထွင်မှုတွေကဈေးကွက်လိုအပ်ချက်နဲ့ပါကိုက်ညီမှုရှိရမယ်ဆိုတာသိတဲ့အတွက်အကျိုးအမြတ်ကိုချိန်ဆလုပ်တယ်။ဒါကြောင့်လည်း အောင်မြင်တဲ့တီထွင်သူ၊စီးပွားရေးသမားတစ်ယောက်အဖြစ်ရပ်တည်နိုင်ပြီး ဂုဏ်သတင်းကျော်ဇောတယ်။တက်စ်လာကတော့ အေးအေးဆေးဆေးသိုသိုသပ်သပ်နဲ့နေတတ်တယ်၊အမြဲတမ်းတီထွင်ကြံဆနေတတ်ပြီးသဘာဝအရင်းအမြစ်တွေကိုအလွန်အကျွံမသုံးစွဲစေချင်ခဲ့တဲ့သူတစ်ယောက်။အကျိုးအမြတ်ထက် လူသားကောင်းကျိုးကိုပိုလိုလားပြီးလူ့သမိုင်းကို‌ရှေ့နှစ်‌ေတွအများကြီး ကြိုတင်တွေးဆပြီးမျှော်ကြည့်တတ်တဲ့သူတစ်ယောက်၊စီးပွားရေးကိုမကြည့် ပိုက်ဆံကိုသိပ်စိတ်မဝင်စားလှတဲ့သူတစ်ယောက်။ကြိုးမဲ့စနစ်တွေရဲ့အခြေခံဖြစ်တဲ့ Tesla coilကိုတီထွင်ပြီးနောက်ပိုင်းမှာလျှပ်စစ်ကိုလည်းဝါယာကြိုးမသုံးပဲဖြန့်ဖြူးနိုင်ဖို့၊ဆက်သွယ်ရေးဆိုင်ရာအချက်ပြမှုတွေကိုလက်ခံရရှိနိုင်ဖို့ အရူးအမူးဖြစ်ခဲ့တယ်။သူလုပ်တာအောင်မြင်ရင် ဒါတွေကိုဈေးပေါပေါနဲ့လူတိုင်းသုံးစွဲနိုင်မယ်။ဒါပေမယ့် လပေါင်းများစွာကြိုးစားမှုလုပ်ပြီးတဲ့နောက်မှာသူ့ရဲ့ရူးသွပ်မှုအပေါ်အခြေခံတဲ့တီထွင်မှုအပေါ်ယုံစားမှုမရှိတာရယ်၊လူသားတွေအတွက်အကျိုးရှိပေမယ့်ငွေကြေးဆိုင်ရာအမြတ်အစွန်းများလှမှာမဟုတ်တာရယ်ကြောင့်သူ့မှာရင်းနှီးမြှုပ်နှံသူတွေမရှိတော့ပါဘူး။အများအတွက်စဉ်းစားတတ်တဲ့ တီထွင်သူဉာဏ်ကြီးရှင်တစ်ယောက်ရဲ့နောက်ဆုံးလက်ကျန်နှစ်တွေဟာ ဆင်းရဲမွဲတေပြီး ရင်နာစရာတွေနဲ့ပါ။ဒီရုပ်ရှင်မှာတော့ တက်စ်လာအဖြစ် မင်းသားကြီး Ethan Hawkeက သရုပ်ဆောင်ထားပါတယ်။Biological dramaဖြစ်ပေမယ့် တစ်ချို့အခန်းတွေမှာ စိတ်ကူးယဉ်အခန်းတွေထည့်ပါတယ်။ဇာတ်လမ်းကို တက်စ်လာနဲ့ရင်းနှီးခဲ့တဲ့အမျိုးသမီးမှ ဇာတ်ကြောင်းပြောပြတဲ့အတွက်တချို့အခန်းတွေမှာ ရုပ်ရှင်စကားနဲ့ပြောရရင် Fourth wall breakတယ်ပေါ့လေ။တက်စ်လာရဲ့အကြောင်းကိုသိပ်စုံလင်တာမျိုးမဟုတ်တဲ့အတွက်တက်စ်လာရဲ့တီထွင်မှုတွေကိုမကြားဖူးရင် တချို့အခန်းတွေနည်းနည်းမပြည့်မစုံဖြစ်နေပါလိမ့်မယ်။ဒါပေမယ့် ဒီဇာတ်ကားကြောင်း တက်စ်လာကိုမသိခဲ့ရင်တောင်တက်စ်လာရဲ့တီထွင်မှုတွေနဲ့ သူ့အကြောင်းတစ်စိတ်တစ်ဒေသကိုသိရှိပြီး၁၉ရာစုရဲ့တီထွင်သူကြီးတစ်ယောက်အကြောင်းကို စူးစမ်းချင်မိစေမှာပါပဲ။

0 comments:

Post a Comment