Hercules (2014)

Rating : 6.0/10
Country : United State
Genre :   Action, Adventure, Fantasy
Cast :   Dwayne Johnson, John Hurt, Ian McShane
Released Date : 2014
Duration :  1h 38min 

ဒီကားကတော့ The Rock ရဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်သလို၊ Hercules ရဲ့ ဇာတ်လမ်းကို မထင်မှတ်ထားတဲ့ ရှုထောင့်ကနေတင်ဆက် ပေးထားတာဖြစ်ပါတယ်။
ရှေးပုံပြင်တွေမှာ Hercules က Demi-God ဖြစ်ပြီး Zeus ရဲ့ သားဖြစ်တယ်လို့အာလုံး က လက်ခံထားကြသလို၊ Hercules ကာတွန်းကားကလည်း ဒီအတိုင်းပဲ သရုပ်ဖော်ထားခဲ့ပါတယ်။ ဒီကားကတော့ Hercules ရဲ့ ဂုဏ်သတင်း နဲ့ အားလုံးသိထားတဲ့ ပုံပြင်တွေ၊ စွန့်စားခန်းတွေ က တကယ်တော့ လူတွေ လုပ်ကြံပြောဆိုတာပါဆိုပြီး ရိုက်ကူးခဲ့ပါတယ်။ဇာတ်လမ်းမှာ Hercules ရဲ့ တူဖြစ်သူက ခရီးလှည့်လည်သွားလာရင်းနဲ့ ရောက်လေရာမှာ သူ့ဦးလေးရဲ့ အကြောင်းကို လူတွေ အထင်ကြီး လေးစားလာအောင် ရန်သူတွေ ကြောက်ရွံ့ အောင် ပြောဆိုလေ့ရှိပါတယ်။ Hercules က ခေါင်းသုံးနဲ့ နဂါးကြီးကို ဘယ်လို ရင်ဆိုင်ခဲ့တာ၊ တောဝက်ကြီးကို ဘယ်လို နှိမ်နင်းခဲ့တာ၊ ခြေင်္သေ့ကြီးကို ဘယ်လို ရင်ဆိုင်ခဲ့တာ စသဖြင့် ပုံပြင်တွေ လုပ်ပြီး ပြောပြရာကနေ Hercules ရဲ့ ဂုဏ်သတင်းက ပြန့်နှံ့ခဲ့ပါတယ်။ တကယ်လည်း Hercules က ဒီသတ္တဝါတွေကို နှိမ်နင်းခဲ့တာဖြစ်ပေမယ့် သူတစ်ယောက်တည်း မဟုတ်ပါဘူး။ Hercules မှာ သူ့ ကိုလေးစားချစ်ခင်ပြီး သူ့နောက်က အမြဲလိုက်နေတဲ့ မိတ်ဆွေတွေရှိပြီး သူတို့အဖွဲ့က နှိမ်နင်းခဲ့တာဖြစ်ပါတယ်။ဇာတ်ကားက Hercules ကို ပုံပြင်တွေထဲကလို စွမ်းအားရှင်၊ အဖြစ် ပုံမပေါ်ထားပဲ၊ သာမန်လူတစ်ယောက် ကနေ၊ သာမန်လူတွေထက် အင်အားပိုသန်သလို၊ နည်းပရိယာယ်ကြွယ်ဝတဲ့ လူစွမ်းကောင်း တစ်ယောက် အဖြစ် သဘာဝကျကျ ရိုက်ကူးတင်ဆက်ထားပါတယ်။ဒီအချက်တစ်ချက်တည်းနဲ့ တင် ပရိတ်သတ်ကိုကြည့်ဖို့ ကျွန်တော် တိုက်တွန်းလိုပြီး၊ သရုပ်ဆောင်၊ ဇာတ်လမ်း၊ ဒါရိုက်တာ ဇာတ်ရှိန်အတက်အကျ ကောင်းမွန်လို့ ဇာတ်ကားကောင်း တစ်ကားအဖြစ် မိတ်ဆက်ပေးရတာဖြစ်ပါတယ်။ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ကျွန်တော် ပြောခဲ့ဖူးတာ တစ်ခု ပြန်သတိရမိပါတယ်။ ကျွန်တော်တို့ ငယ်စဉ်က သင်ခဲ့ရတဲ့ ကျန်စစ်သား၊ ငထွေးရူး၊ ငလုံးလဖယ်၊ ညောင်ဦးဖီး တို့ လေးယောက်ကို အနော်ရထာမင်းကြီး က ရှမ်းပြည်ကို စစ်ကူလွှတ်တဲ့ အခန်းကိုသတိရမိပါတယ်။ စာထဲမှာ ရှမ်းပြည်ကို ဂွမ်းစစ်စသည် တစ်သိန်း ချီတက်လာတော့ ရှမ်းစော်ဘွားက စစ်ကူတောင်းပါတယ်။ ဒါကို အနော်ရထာမင်းကြီးက စစ်သားလေးသိန်း အကူအညီ ပေးမယ်ဆိုပြီး တကယ်တမ်းမှာတော့ ကျန်စစ်သားတို့ လေးယောက်ကို စစ်တပ်အနည်းငယ်နဲ့ စေလွှတ်ခဲ့ပါတယ်။ဒီနေရာမှာ ပြောချင်တာက မြန်မာရုပ်ရှင်ထုတ်လုပ်သူတွေအနေနဲ့ ကျန်စစ်သားဇာတ်ကားရိုက်တိုင်း၊ အနော်ရထာရဲ့ မိဖုရားလောင်း နဲ့ အထင်လွဲလို့ လှံနဲ့ ပစ်တဲ့ အခန်းက နေစပြီး၊ ကြားထဲမှာ မိန်းမလေးယောက် ယူတာကိုပဲ ရိုက်မနေကြပါနဲ့လို့။ အထက်မှာပြောခဲ့တဲ့ ဇာတ်လမ်းတစ်ခုနဲ့တင် တကယ်ကို ကြည့်ကောင်းမယ့် ရုပ်ရှင်အဖြစ် ရိုက်ကူးလို့ရနေပါပြီ။ Special Effect တွေ မသုံးပဲ နဲ့တောင် ဇာတ်ကားကောင်းဖြစ်အောင် ရိုက်ကူးလို့ရပါတယ်။ဒါ့အပြင် ထွေးရူး၊ ငလုံးလဖယ်၊ ညောင်ဦးဖီး အသီးသီး စွမ်းရည်ပြတဲ့အခန်းနဲ့ ဇာတ်လမ်းကိုစပြီး၊ ကျန်စစ်သားက စစ်သည် လိုက်စုဆောင်းတဲ့ နေရာနဲ့ ဇာတ်လမ်းကို ဖွင့်လိုက်ရင် အရမ်းကြည့်ကောင်း တဲ့ War/Action ရုပ်ရှင်ဖြစ်လာမှာပါ။Hercules က ရုံမှာကြည့်ဖို့ အဆင်ပြေပြီးမိသားစုတူတူကြည့်နိုင်ပါတယ်။

0 comments:

Post a Comment