To Kill a Mockingbird (1962)

Rating : 8.2/10
Country : United State
Genre : Crime, Drama 
Cast : Gregory Peck, John Megna,Frank Overton
Released Date : 1962
Duration : 2h 9min 

ဒီဇာတ်ကားဟာ ၁၉၆၀ ခုနစ်တုန်းက ထွက်ရှိခဲ့တဲ့ Harper Lee ရေးတဲ့To Kill a Mockingbird စာအုပ်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးထားတာပါ။
ဒီတော့ မူရင်းစာအုပ်အကြောင်းကို အနည်းငယ် ပြောပြချင်ပါတယ်။Harper Lee ဟာ To kill a mockingbird ဆိုတဲ့စာအုပ်ကို ၁၉၆၀ မှာ ထုတ်ဝေခဲ့တယ်။
ကိုးဆယ့်ငါးပတ်လုံးလုံး နံပါတ် (၁) ရောင်းအားအကောင်းဆုံးစာရင်း ထိပ်ဆုံးက မဆင်းဘူး။
၁၉၆၁ ခုနစ်မှာ Harper Lee ပူလစ်ဇာဆုရတယ်။၂၀၀၇ ခုနစ်မှာ Harper Lee တစ်ယောက် Presidential Medal of Freedom ဆုကို ဆွတ်ခူးခဲ့ပါတယ်။
ရာစုနစ်ရဲ့ အကောင်းဆုံးစာအုပ် ၁၀၀မှာ စာရင်းဝင်သွားတယ်။
၂၀ ရာစုရဲ့ အကောင်းဆုံး အမေရိကန်ဝတ္ထုအဖြစ် လူတော်တော်များများက လက်ခံခဲ့ကြပါတယ်။
စာအုပ်ထုတ်ပြီးလို့ ၁ နှစ်အကြာမှာ ဘာသာစကား ၁၀မျိုးကို ပြန်ဆို ထုတ်ဝေခဲ့ကြတယ်။
စာအုပ်က လက်ရှိအချိန်ထိဆို ကော်ပီပေါင်း သန်း ၃၀ ကျော် ရောင်းချခဲ့ရပြီး ဘာသာစကားပေါင်း ၄၀ ကျော်ကိုလည်း ပြန်ဆိုခဲ့ကြပြီးဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ဆရာ တင်မောင်မြင့်က “တောင်ပံမဲ့သင်းကွဲတေးဆိုငှက်” ဆိုတဲ့နာမည်နဲ့ မြန်မာဘာသာသို့ပြန်ဆိုပြီး ၂၀၀၄ခုနစ်မှာ ထုတ်ဝေခဲ့ပါတယ်။ (တောင်ပံမဲ့) စာအုပ်ဟာ ၂၀၀၄ ခုနစ်ရဲ့ အမျိုးသားစာပေဆု ဘာသာပြန်(ရသ) ရရှိခဲ့ပါတယ်။မူရင်းစာအုပ်က ၁၉၆၀ မှာ ထွက်တယ်။ ရုပ်ရှင် အဖြစ် ဒါရိုက်တာ Robert Mulligan က ၁၉၆၂ ခုနှစ်မှာ အသက်သွင်းလိုက်တယ်။
အဓိက ဇာတ်ဆောင်ဖြစ်တဲ့ ရှေ့နေကြီး Atticus Finch အဖြစ် ဂရေဂရီပက် Gregory Peck က သရုပ်ဆောင်လိုက်တယ်။
ဂရေဂရီပက်ကို Atticus Finch လို့ ကမ္ဘာရုပ်ရှင် ပရိသတ်က အသည်းစွဲသွားကြတယ်။
မင်းသားကြီး ကိုယ်တိုင်ကလည်း သူ့အကြိုက်ဆုံးကားပါလို့ ပွဲတိုင်းမှာ ပြောခဲ့တယ်။
ဒီဇာတ်ကားဟာ Best Picture အပါအဝင် အော်စကာဆု ၈ ဆု ဆန်ခါတင်ခဲ့ပြီး မင်းသားကြီး ဂရေဂရီပက်လည်း Best Actor အော်စကာဆုရသွားတယ်၊ Best Adapted Screenplay ဆုနှင့် Best Art Direction ဆု
စုစုပေါင်း အော်စကာဆု ၃ ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒီဇာတ်ကားဟာ ရွှေကမ္ဘာလုံးဆု ၃ ဆုကိုလည်း ဆွတ်ခူးခဲ့ပါသေးတယ်။ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့ အမေရိကန်တောင်ပိုင်းက မေကွမ်းမြို့လေးမှာ ဖခင်ဖြစ်သူ မုဆိုးဖို ရှေ့နေကြီး အက်တီးကပ်စ်ဖင့်ချ်ရယ် ၊ သမီးဖြစ်သူ စကောက်တ်ရယ် ၊ သားဖြစ်သူ ဂျင်မ်ရယ် အတူတကွ ပျော်ပျော်ရွှင်ရွှင် နေထိုင်ကြပါတယ်။
တစ်ရက်မှာတော့ သူတို့မြို့လေးမှာ လူဖြူမတစ်ယောက်ကို လူမည်းတစ်ယောက်က အဓမ္မပြုကျင့်ပါတယ်ဆိုတဲ့ အမှုတစ်ခု ဖြစ်ပွားပါတယ်။
ရှေ့နေကြီး အက်တီးကပ်စ် ဖင့်ချ်က လူမည်းဘက် အကျိုးဆောင်ရှေ့နေ။
တစ်မြို့လုံးနဲ့ ဆန့်ကျင်ပြီး လူမည်းဘက်က ရပ်တည်လိုက်တဲ့အချိန်မှာတော့……….မူရင်းစာအုပ် (ဒါမှမဟုတ်)ဘာသာပြန်စာအုပ်ကို ဖတ်ဖူးထားတဲ့သူတွေအတွက်တော့ ဒီဇာတ်ကားဟာ ထူးထူးထွေထွေ ညွှန်းနေစရာမလိုတာတော့ အမှန်ပါပဲ။
စာအုပ်နဲ့ ရုပ်ရှင် ကွဲလွဲမှုအနည်းငယ် ရှိပေမယ့် ဒါရိုက်တာ Robert Mulliganက မူရင်းစာအုပ်ကို မကျော်ရင်တောင် မူရင်းစာအုပ်အောက်တော့ မလျော့အောင် အကောင်းဆုံးရိုက်ပြသွားနိုင်ခဲ့ပါတယ်။
သရုပ်ဆောင်တွေဖြစ်ကြတဲ့ Gregory Peck ၊ Mary Badham ၊ Phillip Alford တို့ သရုပ်ဆောင်သွားတာကလည်း အပိုအလိုမရှိ တကယ့် ကွက်တိကို သရုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။
စာအုပ်မဖတ်ရသေးတဲ့သူတွေအတွက်လည်း ဒီဇာတ်လမ်းလေးကို ကြည့်ပြီးမှ စာအုပ်ရှာဖတ်မယ်ဆိုရင် ပိုလို့တောင် အဆင်ပြေပါသေးတယ်။
ဒါမှသာ စာအုပ်ဖတ်တဲ့အခါ ဇာတ်ကောင်တစ်ယောက်ရဲ့နာမည်ကို ဖတ်လိုက်တာနဲ့ ရုပ်ရှင်ထဲက သရုပ်ဆောင်ရဲ့ရုပ်ကို ပြေးမြင်ပြီး ပိုမှတ်ရလွယ်သွားပါတယ်။ To Kill a mockingbird ဘာဖြစ်လို့ အောင်မြင်ကျော်ကြားခဲ့တာလဲလို့ မေးရင် အဓိကအကြောင်းရင်းကတော့ လူဖြူ လူမည်း အသားရောင် ခွဲခြားမှု၊ တရားမျှတမှုကို တပ်လှန့်ပေးလိုက်လို့ပါပဲ ။ဒီဇာတ်ကားရဲ့ အဓိက ပေးချင်တဲ့ message ကို Atticus Finch ဇာတ်ကောင်က“မင်း လူတစ်ယောက်ရဲ့ဖိနပ်ကိုစီးပြီး သူ့နေရာကနေ လမ်းမလျောက်ဖူး မခြင်း…မင်း သူ့ကိုဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး”ဆိုတဲ့စကားလေးနဲ့ ပရိသတ်ရင်ကိုထိအောင် ပြောသွားနိုင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ ကိုယ်ယူတတ်ရင် ယူတတ်သလို အများကြီး အတွေးရမယ့် ရုပ်ရှင်ဖြစ်ကြောင်း ပြောချင်ပါတယ်။

0 comments:

Post a Comment