Rating : 7.1/10
Country : China
Genre : Drama
Cast : Zhenyang Dong, Hongjun Du, Wei Mu
Released Date : 2019
Duration : 2h 30min
Country : China
Genre : Drama
Cast : Zhenyang Dong, Hongjun Du, Wei Mu
Released Date : 2019
Duration : 2h 30min
အညွှန်း
မပြောချင်ဆုံးနဲ့ အပြောရဆုံးစကားလုံးဖြစ်တဲ့
“အနုပညာ”ကိုပဲ မလွှဲရှောင်သာပြောရပါဦးမယ်။
ယဉ်ကျေးမှုနဲ့ အနုပညာဟာ တိုက်ရိုက်အချိုးကျပါတယ်။
အာရှဘက်မှာဆို တကယ် အနုပညာဆန်တဲ့ရုပ်ရှင်တွေကို ကိုယ်ပိုင်ယဉ်ကျေးမှုထွန်းကားတာကြာမြင့်ပြီဖြစ်တဲ့
တရုတ်၊အိန္ဒိယ၊ဂျပန်တို့လို နိုင်ငံတွေမှာပဲ တွေ့ရတာ များပါတယ်။ လက်ရှိကာလအားဖြင့် တရုတ်မှာ အတော်ချာတဲ့ ငွေရှာ ရုပ်ရှင်တွေများပေမဲ့လည်း တကယ် ရင်ဘတ်ပါတဲ့ ရုပ်ရှင်တွေရိုက်တဲ့ လူတွေလည်း အများကြီးကျန်ပါသေးတယ်။
အသစ်ပေါ်လာတာတဲ့ လူတော်တွေလည်း မနည်းပါဘူး။အသစ်တွေပေမဲ့ သူတို့ရဲ့ရုပ်ရှင်တွေဟာ အနုပညာကိန်းအောင်းမှု မနုံနှဲ့ပါဘူး။
အခု ရုပ်ရှင်ဟာ ဒါရိုက်တာGu Xiaogangရဲ့ ပထမဆုံးကားပါပဲ။
ယဉ်ကျေးမှုနဲ့ အစချီထားရတဲ့ အကြောင်းရင်းက သူ့အနုပညာရဲ့ မြစ်ဖျားခံရာဟာ တရုတ်ရိုးရာပန်းချီဖြစ်နေလို့ပါ။
Dwelling In The Fuchun Mountainsဆိုတဲ့အမည်ဟာ ဂန္တဝင် တရုတ်ရိုးရာပန်းချီလိပ်တစ်ခုရဲ့ အမည်ပါပဲ။
ဒါရိုက်တာက ပန်းချီကားလိပ်တွေကို အခြေခံပြီး ပန်းချီကားလိပ်Triology ရိုက်မှာပါ။
ဒါက ပထမဆုံးကားပါပဲ။နောက်ရုပ်ရှင်နှစ်ခုကိုလည်း တရုတ်ရိုးရာပန်းချီလိပ်တွေကိုပဲ အခြေပြုပြီး ရိုက်မှာပါ။
ဇာတ်ကားထဲမှာလည်း ဟန်ကျိုးက ဘုရားကျောင်းမှာရှိတဲ့ ပန်းချီလိပ်နှစ်ခုအကြောင်း ထည့်ပြောသွားပါတယ်။
ဘယ်ပန်းချီကားတွေဖြစ်မလဲတော့ ထွက်လာမှပဲ သိမှာပါပဲ။Gu ဟာ ဒီရုပ်ရှင်ကို ငွေပေါလို့
စပွန်ဆာရှိလို့ရိုက်ခဲ့တာမဟုတ်ပါဘူး။
သရုပ်ဆောင်တွေအကုန်လုံးက
သာမန်လူတွေ တစ်ချို့က သူ့အမျိုးတွေပါပဲ။
ဒီကားရိုက်ဖို့ နှစ်နှစ်ကြာပြီး အကြွေးတွေလည်း
ပတ်လည်ဝိုင်းနေခဲ့တယ်။
ပြောရရင် သူချစ်လို့ သူလုပ်ခဲ့တာပါပဲ။ရိုက်ကူးရေးဘက်ကိုပြောရရင်တရုတ် Art House ရုပ်ရှင်တွေရဲ့ သဘာဝအတိုင်း Long Take ခေါ်
ရိုက်ချက်ရှည်တွေ အတော်မြင်ရပေမယ့် သူ့ရဲ့ Long Takeတွေဟာ အတော်သိမ်မွေ့ပါတယ်။
သူပြောသလိုဆို တရုတ်ပန်းချီကားလိပ်ကို တဖြည်းဖြည်းဖြန့်ကြည့်ရတဲ့ ခံစားမှုမျိုးလို့ ဆိုရမယ်။
စန်စွေလို့ခေါ်တဲ့ တရုတ်ရိုးရာ ပန်းချီတွေဟာ မြစ်နဲ့တောင်ကို အဓိကထား ဆွဲကြတဲ့ပန်းချီတွေပါ။
Guကလည်း သူ့ရုပ်ရှင်ကို စန်စွေပန်းချီလို တောင်နဲ့မြစ်ကို အသားပေးဖော်ပြထားပြီး ပန်းချီကားထဲမှာ သစ်ပင်တွေ ထည့်ဆွဲသလို ရုပ်ရှင်ထဲ သစ်ပင်ကြီးထည့်ထားပြီး
အဲ့ဒီသစ်ပင်ကို ဇာတ်ကောင်တွေအကုန်လုံးနဲ့ ချိတ်ဆက်ပြီး ပုံဖော်ထားတယ်။
ရုပ်ရှင်ဟာ သူအခြေခံထားတဲ့ ပန်းချီကားအတိုင်း ဖူးချန်တောင်ရဲ့ ရှု့ခင်းတွေကို
ဖူးချန်တောင်က ဘဝတွေနဲ့ လှလှပပကို ရောယှက်ပြထားတယ်။
ဒီရုပ်ရှင်ဟာ ကင်မရာနဲ့ မှန်ဘီလူးတွေကိုသုံးပြီးဆွဲထားတဲ့ ပန်းချီကားတစ်ချပ်လို့တော့ဖန်တီးသူက မြွက်ဟထားတယ်။
တရုတ်ရိုးရာ ပန်းချီကားတစ်ချပ်လိုကို အကောင်းဆုံး ပုံဖော်ထားတာပါပဲ
ဇာတ်ကြောင်းကတော့ မထူးခြားလို့ပဲ ထူးခြားနေတယ်ဆိုရမယ်။
သူက သူ့မိဘတွေ အကြောင်းရေးချင်ခဲ့တာဆိုတော့ ဇာတ်လမ်းမှာ သူ့မိဘတွေအကြောင်းကို အခြေခံထားတာတွေ များပါတယ်။
ဇာတ်လမ်းမှာ အဓိကပြတာက ဖူးချန်တောင်က မိသားစုတစ်စုရဲ့ အခြေအနေကိုပါပဲ။
မိသားစုဆိုတာက
အမေတစ်ယောက်ရယ်
သူ့သားလေးယောက်ရဲ့ မိသားစုတွေရယ်ကို ဆိုလိုတာ မိသားစုလေးစုပေါ့။
သားအကြီးဆုံးက စားသောက်ဆိုင် ဖွင့်ထားတယ်။အပြင်မှာ Guရဲ့မိဘတွေ လုပ်ခဲ့တဲ့အလုပ်ပါပဲ။
ဒုတိယသားက အိမ်က 2022အိုလံပစ်အတွက် ပြန်မွမ်းမံဖို့ ဖြိုချရတော့မယ့်ထဲပါနေလို့ ငါးဖမ်းလှေလေး အပေါ်မှာ အိမ်လုပ်နေနေရတယ်။ အပြင်မှာ သူ့မိဘတွေလည်း စားသောက်ဆိုင် အဖြိုခံခဲ့ရပါတယ်။
တတိယသားကတော့ လောင်းကစားသမား။ ဒီရုပ်ရှင်မှာ သူက အထူးခြားဆုံး ကာရိုက်တာလို့ထင်မိတယ်။
စတုတ္ထသားကတော့ ကျပ်မပြည့်ရှာပါဘူး။
ဒီလေးယောက်ရဲ့ မိသားစုတွေကို အခြေပြုပြီး ဖူးချန်တောင်ကိုနောက်ခံထား ဖူးချန်တောင်မှာ လက်ရှိခေတ်နေထိုင်သူတွေကို ပြသွားရုံပါပဲ။
ဇာတ်အိမ်ဟာ လက်ရှိ ဖြစ်ပျက်နေတဲ့ကာလပေါ်ပဲ အခြေခံပြီး လက်ရှိအဖြစ်တွေကိုပဲရိုက်ထားတာဆိုတော့ Documentary တောင် ဆန်ပါတယ်။
တရုတ်တွေရဲ့ လက်ရှိအခြေအနေ၊
မိသားစုဆက်ဆံပုံ၊စီးပွားရေးတွေ
သားသမီးရေးတွေ သေချာရိုက်ပြထားတယ်။
တစ်အူထုံဆင်းမိသားစုတွေကြားက
ဆက်ဆံရေးအခြေအနေ၊ သူတို့ရဲ့
ဇနီးတွေရဲ့ စိတ်နေစိတ်ထားတွေက
လူကောင်း၊လူဆိုး၊ပျော်ရွှင်မှု၊ဥစ္စာဆိုတဲ့
အစကတည်းက ဝေဝါးနေပြီးသား
အရာတွေကို ပိုဝေဝါးအောင် ပြသွားနိုင်ခဲ့တယ်။
ဒီအချက်ကြောင့်ပဲ ဒီရုပ်ရှင်ကို ကျွန်တော်သိပ်အားရခဲ့တယ်။
Cinematographyတွေကတော့ ပြောစရာ မလိုပါဘူး။
တစ်ခုရှိတာက ဒါရိုက်တာရဲ့ အတတ်ဆန်းထွင်မှုလို့ပဲပြောရမလား
စကားပြောနေရင် ပြောနေတဲ့လူကို Focusထားမပြဘဲ ပန်းချီကားလိုပဲ ပြထားတာကြောင့် စကားတွေဟာ တစ်ခါတလေ အဆက်အစပ်မရှိပါဘူး။
ဟိုဘက်ကလာလိုက် ဒီဘက်ကလာလိုက် ဖြစ်နေတတ်ပါတယ်။
ဘာပြောပြော အတော်မှော်ဝင်တဲ့ ဖန်တီးမှုမို့ Triologyရဲ့ နောက်လာမယ့်နှစ်ကားကိုလည်း ကျွန်တော်တော့မျှော်လင့်ပါတယ်။
ဒီရုပ်ရှင်ဟာ ဘယ်လိုရုပ်ရှင်လဲမေးလာရင်
ပဲ့ကိုင်ရှင် ဒါရိုက်တာ Gu Xiaogang ပြောသလိုပါပဲ
ဒီရုပ်ရှင်ဟာ ကင်မရာနဲ့ ရေးထားတဲ့ ပန်းချီကားလိပ်တစ်ချပ်ပါပဲ။
ခေတ်သစ်မှာ လူတစ်ချို့ရဲ့ ခံစားနိုင်စွမ်းတွေ ဆုတ်ယုတ်လာပေမဲ့ အနုပညာအစစ်တွေကတော့ ဆုတ်ယုတ်မသွားဘူးဆိုတာကို ဒီရုပ်ရှင်ဟာ ကောင်းကောင်းကြီး သက်သေပြနိုင်ခဲ့တယ်။
0 comments:
Post a Comment