ကျွန်တော် မှတ်မိပါသေးတယ်။
ကျွန်တော့်အိပ်မက်ကို စတင်ဖြစ်စေခဲ့တဲ့1936 ခုနှစ်တုန်းကပေါ့ ။
" ဘာလင်မြေပေါ်မှာ ဂျာမဏီကိုအနိုင်ယူပြီးသကာလ အိုလံပစ်ရွှေတံဆိပ်တွေနဲ့ ကျွန်တော်တို့ အိန္ဒိယဟော်ကီအသင်းသားတွေ။
ဒီအချိန်မှာ ယူနီယံဂျက်အလံကြီးကဖျတ်ဖျတ်လွင့်ရင်း မလွတ်လပ်သေးတဲ့အိန္ဒိယနိုင်ငံကို လှောင်ရယ်နေခဲ့တယ်။
ဒီအခြေအနေဟာ ဗြိတိသျှအိန္ဒိယလို့ခေါ်ဝေါ်ခံရတဲ့ ကျွန်တော်တို့အတွက်တော့ ကြီးမြတ်တဲ့ အောင်မြင်မှုအပြည့်အဝ မဟုတ်ခဲ့ရပါဘူး "
ဒီမှာတင် ဂျူနီယာမန်နေဂျာ ဖြစ်တဲ့ ကျွန်တော် Tupan Das နဲ့ ဟောကီအသင်းသားတွေဟာအိပ်မက်တစ်ခု ကို အတူတကွ မက်ခဲ့ကြတယ်။
ဒါဟာ လွတ်လပ်တဲ့ အိန္ဒိယနိုင်ငံအဖြစ်နဲ့ အိုလံပစ်ရွှေတံဆိပ်ကို ပြန်ယူပြမယ်။
ပြီးရင် ငြ်မ်သက်အနေအထားနဲ့ ဇာတိမာန် သီချင်းကို ဆိုကြမယ်။ ရင်ဘတ်ထဲက သုံးရောင်ခြယ် နိုင်ငံတော်အလံကို လွှင့်ထူမယ်။
ဒါပေမယ့်ဗျာ။ ကမ႓ာ့စစ်တွေကြောင့် အိုလံပစ် ကို နှစ်ကြိမ်တိုင်တိုင် ဖျက်သိမ်းလိုက်ကြတယ်။ ဒီတော့ ကျွန်တော်ဟာ စိတ်လေရတယ်။ ကျွန်တော် အရက်တွေချည်း ဖိသောက်တယ်။ မိန်းမရဲ့လက်ဝတ်လက်စား တွေပါမကျန် ခိုးရောင်းပြီး အရက်သောက်ပစ်တယ်။
ဒါက ကျွန်တော်ဆိုးသွမ်းခဲ့တဲ့ အမှန်တရားတွေ ။ တစ်ဖက်မှာလည်း အမှန်တရားရှိပါတယ်။ ဒါကတော့ ကျွန်တော်ဟာ
ဟောကီကို မြတ်နိုးပြီး နိုင်ငံကို ချစ်တတ်တယ် ဆိုတာပါပဲ။
တစ်နေ့မှာတော့ သတင်းစာဖြတ်ပိုင်းလေးတစ်ခုက ကျွန်တော့်ရင်ကို လှုပ်နှိုးလိုက်ပါတော့တယ်။
"1948 ခုနှစ် အိုလံပစ်ပြိုင်ပွဲအား လန်ဒန်၌ ကျင်းပမည် "
ဟာ …… ကျွန်တော် ပြန်ရပ်တည်ရတော့မယ်။ ကျွန်တော် ကြိုးစားရတော့မယ်။
ဒီတော့ ကျွန်တော် ဟာ ဟောကီအဖွဲ့အစည်း အကြီးအကဲ ဆီ သွားတယ်။
အိန္ဒိယ အသင်းကို ကျွန်တော်ဦးစီးပါရစေ ဆိုပြီး တောင်းခံတယ်။
သူကလည်း အခွင့်အရေး ပေးလိုက်ပါတယ်။ ကျွန်တော့်အတွက် ပျော်စရာကောင်းတဲ့ အနေအထားတွေပဲဗျာ။
အဲ့ဒီနောက် ဟော်ကီကစားသမား ဟောင်းတွေကို ပြန်စုတယ်။
မျိုးဆက်သစ်တွေကိုလည်း လက်တွဲခေါ်ပြီးရွေးချယ်ခဲ့တယ်။
တစ်ယောက်ချင်းရဲ့ အလေးသာမှု တွေကို ကြည့်ပြီး လေ့ကျင့်ခဲ့တယ်။
ဒါ့ကြောင့်လန်ဒန်မြေက ရွှေကို အမိမြေဆီသယ်လာဖို့ ကျွန်တော်တို့ စိတ်ပြင်းပြနေခဲ့ကြတယ်။
ဒါပေမဲ့ လောက ဟာ အချိုးအကွေ့တွေသိပ်များတယ်။ ပြုံးခါနီးမှ ငိုရမယ့် မျက်လုံးတွေ ကို ပြန်ငှားရတယ်။ သိပ်ကို အထာကျတဲ့ ဒုက္ခပြက်လုံးတွေပေါ့ဗျာ။
အဲ့ဒီအချိန်မှာ ကျွန်တော်တို့နိုင်ငံကို အိန္ဒိယနဲ့ ပါကစ္စတန်ဆိုပြီး ခွဲကွာစေလိုက်ကြတဲ့အခါမှာတော့
ကျွန်တော်တို့လည်း ……………?
ကဲ ………ဘယ်လိုဖြစ်သွားကြမှာလိမ့် ။
__________________________
ဇာတ်ကား သို့ချဉ်းကပ်ခြင်း
••••••••••••••••••••••••••••••••••••
ကျွန်တော်အနေနဲ့ ဒီဇာတ်ကားကို ချဉ်းကပ်ကြည့်ရရင် အင်မတန်မှ ရည်ရွယ်ချက် ကောင်းမွန်လှတဲ့ ဇာတ်အိမ်ဟုသာ ဆိုလိုက်ချင်ပါတယ်။
လွတ်လပ်ရေးမရမီ နိုင်ငံသားတစ်ယောက်ရဲ့ ခံယူချက်တွေ / အချုပ်အနှောင်ကင်းတဲ့ သုံးရောင်ခြယ်အလံတလူလူနဲ့ အမျိုးသားရေးစိတ်ကို အနုပညာနဲ့ဖော်ကျူးသွားခဲ့ပါတယ်။
အားကစားဖက်ကို ရိုက်ကူးပြရာတွင်လည်း ဟန်ပြ ထက် သေချာလေ့ကျင့်စေပြီးမှ အသက်ဝင်စေခဲ့ပါတယ်။
ဟောကီ စစ်သည်တော်ကြီး Sandeep Sigh ကို ခေါ်ယူ သင်ကြားပေးစေပြီးမှ ပီပြင်စေခဲ့တာပါ။
Sandeep Sigh ဆိုတာကလည်း Soorma ဇာတ်ကားထဲက ဟောကီဂန္တဝင်။
အောက်ပိုင်းသေပြီးမှ ဟောကီကွင်းထဲ ပြန်ရောက်ခဲ့တဲ့ စစ်သည်တော်။
ဒါ့ကြောင့် ဒီဇာတ်ကားဟာ အားကစား အရည်အသွေးမနိမ့်ပါဘူး။
ဟော်ကီကစားသမား ချင်းကြားက စည်းလုံးမှုတည်ဆောက်ပုံတွေကလည်း အားကျဖို့ကောင်းလှပါတယ်။
ဒါ့အပြင် ဒီဇာတ်ကားရဲ့ နောက်တစ်ကွက်က ဝတ္ထုတိုဆရာကြီး ချက်ကော့ဗ် ပြောခဲ့တဲ့ စကားလေးအတိုင်းပါပဲ။
(သေနတ် ဇာတ်ဝင်ခန်းကို အရှေ့မှာပြသခဲ့ရင် နောက်ဇာတ်ဝင်ခန်းတွေမှာ ပစ်ကို ပစ်ပြရပါမယ် ) -ချက်ကော့ဗ်
ဒီ Gold ဇာတ်ကားမှာတော့ မထင်မှတ်ထားတဲ့ ဇာတ်ဝင်ခန်းက ဇာတ်သိမ်းခန်းအထိ အရေးသိပ်ကြီးခဲ့ပါတယ်။ သိပ်ကို
ထောင့်စေ့မှုရှိတဲ့ ဇာတ်ညွှန်းတစ်ခုပါပဲ။
အချုပ်ဆိုရရင် ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန် အဖြစ်အပျက်များကို အခြေပြုရင်း စိတ်ကူးစိတ်သန်းစုံလင်စွာ ပေါင်းစည်းမှုတစ်ခု ဖြစ်ခဲ့တယ်။ ဖြစ်ရပ်မှန် အပြည့်အဝ မဟုတ်သော်ငြားလည်း ၁၂ နှစ်ကြာမှရရှိခဲ့တဲ့ ရွှေတံဆိပ် ဟာ အခုထိ အရောင်တလက်လက် ဖြစ်နေခဲ့ပါတော့တယ်။
ဒါဟာ အိပ်မက်အဟောင်းအအို လေးမှဖြစ်တည်လာသော စည်းလုံးခြင်းမှသည် လုံးဝလွတ်လပ်သော အိန္ဒိယနိုင်ငံသားတိုင်းရဲ့ တူညီသော အိပ်မက်တစ်ခု ရှင်သန်ပေါက်ဖွားခဲ့ခြင်းသာ ဖြစ်ပါလိမ့်မယ် ဟု ထင်မြင်ရင်း ………။
0 comments:
Post a Comment