တုန်တုန်ယင်ယင် ဖြစ်နေတဲ့
လက်လေးတွေက
ဟိုးအရင် လမ်းလျှောက်သင်ပေးခဲ့တဲ့ လက်တွေပါပဲ………သားတို့ရယ် "
ဒီဇာတ်ကားလေး ကို ညွှန်းဆိုရရင် ကျွန်တော်တို့သိနေကြ "ဖြူစင်တဲ့ချစ်ခြင်း
မေတ္တာ" အကြောင်းလေးပါပဲ။ ဒီမေတ္တာဟာ အဆန်မရှိဘဲ အစုန် သွားတဲ့ တစ်ဖက်သတ်လမ်းကြောင်းသဖွယ် ဖြစ်ခဲ့ပါတယ်။ ဒီလိုမျိုး မေတ္တာတရားကို ပိုင်ဆိုင်ထားကြသူတွေကလည်း ပန်းရောင်စုံကို ဖူးပွင့်ဝေ စေသူ တစ်နည်းအားဖြင့် ဥယျာဉ်မှူး နှစ်ဦး ဆိုသည့် "အဖေ" နဲ့ "အမေ" တို့ပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအရ " ရာ့ဂျ် မတ်ဟိုထရာ " နဲ့ "ပူးဂျာ " ဟာ သား လေးယောက်ကို အင်မတန်ချစ်လှတဲ့ မိဘတွေပေါ့။ သား တွေအတွက်ဆို -လိုရာ ဖြည့်ဆည်းပေးကြတဲ့ ဘုရားသခင် တွေဆိုလည်း မမှားပါဘူး။ သူတို့နှစ်ဦးဟာ ငွေကြေးမပြည့်စုံသော်ငြားလည်း သားသမီး
အတွက်ဆို ပင်စင်စုဆောင်းငွေ ကိုပါ
ထုတ်ရင်း ဆန္ဒဖြည့်ဆည်း
ပေးခဲ့တဲ့ နှလုံးသားပိုင်ရှင်တွေပါ။
တစ်နေ့မှာတော့ "ရာ့ဂျ် " တစ်ယောက် သက်ပြည့် ပင်စင်ယူဖို့ အချိန်တန်ခဲ့ပါတယ်။ ဟိုးအရင် သားတွေနဲ့ မိသားစု အချိန်ကို အပြည့်အဝ မခံစားရသလောက် ယခု ပင်စင်ယူပြီး မိသားစု အနှစ်သာရကို လည်း ရာ့ဂျ် တစ်ယောက် တောင့်တနေခဲ့မိတယ်။ သားတွေ ချွေးမတွေနဲ့ မြေးအနှစ်လေးတွေက သူနဲ့ ပူးဂျာအတွက် အင်မတန်ပျော်ရွှင်ဖွယ် ဘဝတစ်ခုရယ်လို့လည်း သူ ယုံကြည်နေခဲ့မိတယ်။
ဒါ့ကြောင့် သား ၄ ယောက်ကို ဖုန်းဆက်ပြီး အိမ်ကို လာခဲ့ဖို့ ညွှန်းကြားခဲ့ပါတယ်။ သား ၄ ယောက်ရဲ့ စိတ်ကူးအသီးသီးမှာတော့ ပင်စင်စုဆောင်းငွေ ခွဲဝေရေး အတွက် ခေါ်ယူခြင်းဟု သာ ထင်နေခဲ့မိတယ်။ဒါပေမဲ့
အိမ်ရောက်တဲ့အခါ အထင် နဲ့ အမြင် လွဲနေခဲ့ပါတော့တယ်။ ရာ့ဂျ် ကတော့ ပင်စင်ယူပြီး
နောက် ကျန်ရစ်တဲ့ ဘဝလက်ကျန်လေးကို သားတွေ နဲ့ အတူ
ဖြတ်သန်းလိုကြောင်း ပြောပြခဲ့ပါတယ်။
ဒါပေမဲ့ ရာ့ဂျ် ရဲ့ ဆန္ဒတွေ မပြည့်ဝခဲ့ပါဘူး။ သားလေးယောက်ရဲ့ ဆုံးဖြတ်ချက်တွေအရ သူနဲ့ ပူးဂျာ ကို သားတစ်ယောက်ဆီမှာ အလှည့်ကျ ခွဲ ခေါ် ထားဖို့ ဖြစ်လာခဲ့ကြပါတယ်။
ဟိုး အရင် တစ်ခါမှ မခွဲခွာဖူးတဲ့ ရာ့ဂျ် နဲ့ ပူးဂျာ။ သားတွေရဲ့ ဆင်ခြေတွေနဲ့ တစ်နေရာစီ ကွဲကွာ ရတဲ့ သံယောဇဉ်တွေဟာ ပိုကြေကွဲဖို့
ကောင်းလာပါတယ်။
ဒီလိုနဲ့ တစ်ယောက် တကွဲတပြား ဖြစ်ရင်း
သား / ချွေးမ / မြေးတို့နဲ့ အတူ ဘဝကို ဖြတ်သန်းရတဲ့ အခါမှာတော့ ………………။
အရာရာ ဟာ တိတ်ဆိတ်လာခဲ့ကြတယ်။
အရာရာဟာ ဝမ်းနည်းဖို့ကောင်းလာခဲ့ပါတယ်။
ဒီကားလေးမှာတော့ သားတွေရဲ့ မလိမ္မာမှုတွေ မသိတတ်မှုတွေကြား မိဘတွေရဲ့ စိတ်ခံစားမှုကို ပေါ်လွင်အောင် ရိုက်ပြထားနိုင်ခဲ့ပါတယ်။
ဒါ့ပြင် ဇာတ်လမ်း တစ်ကွက်ချင်းစီရဲ့
ဆိုနင့်နင့် ခံစားမှုတွေ / ကြည်နူးမှုတွေ /
ခံပြင်းမှုတွေက ဒီဇာတ်ကားရဲ့ ရိုက်ခတ်သံတွေပါပဲ။
ဒီဇာတ်ကားဟာ အနှစ်သာရတွေ အတွေးတွေ တသီတတန်းနဲ့ ပစ်ရက်စရာ မရှိလှတဲ့ ဇာတ်ကားကောင်းပါ။ IMDB 7.3 အထိရရှိခဲ့ပြီး ဆု နှစ်ဆု လည်း ရရှိခဲ့ပါတယ်။
ဇာတ်ကွက်အရ ရိုးရှင်းလှပေမယ့် စကားလုံးအသုံးအနှုန်းတွေနဲ့ ညှို့ယူနိုင်တဲ့ ဇာတ်ကားမျိုးပါ။ ဒါ့ကြောင့် ကြည့်ဖြစ်အောင်ကြည့်နိုင်ဖို့ လည်း တိုက်တွန်းချင်ပါတယ်။
" ငါတို့တွေဟာ မိဘတဖြစ်လဲ အို သွားကြဦးမှာပါ။ ယခု ကိုယ်တိုင် သားသမီး ဖြစ်နေခဲ့ပြီး နောင်တချိန် မိဘနေရာပြန်ခံစားကြည့်ရင်ဖြင့် " ဆိုတဲ့ အသိတစ်ခုဖြင့်သာ ရှင်သန်နေရမည်ဆိုပါလျှင် ………
0 comments:
Post a Comment