မြို့ပြတစ်ခုမှာ နေရပြီဆိုရင် လူတိုင်း ကြောက်တဲ့၊ ဒါမှမဟုတ် ကြောက်ရတဲ့ အရာတစ်ခု ရှိပါတယ်။ အဲဒါကတော့ နေစရာ အိမ်တစ်ဆောင်ပါ။ ဘာကြောင့် မြို့ပြမှာ နေချင်ရတာလဲ ဆိုတာတော့ အကြောင်းပြချက် အများကြီး ရှိပါတယ်၊ အဲဒီ အကြောင်းပြချက်တွေထဲမှာ အရေးကြီးဆုံး တစ်ချက်ကတော့ အမိုးအကာရှိတဲ့ အိမ်တစ်ဆောင်မှာ လုံလုံခြုံခြုံ ဇိမ်ကျကျနဲ့ နေရဖို့ပါပဲ။နေစရာ အိမ်အတွက် ပိုက်ဆံကလည်း မရှိမဖြစ် လိုတာပေါ့လေ။ ရေချိုးခန်း၊ အိမ်သာ၊ အိပ်ခန်းပါတဲ့ အိမ်ကို ငှားပြီးနေမယ်ဆိုရင် သာမန်လက်လုပ်လက်စားတွေအတွက် ရှာသမျှ အိမ်ရှင်ကိုပဲ ပေးရလို့ သမင်မွေးရင်း ကျားစားရင်း ဆိုသလို ဖြစ်နေတော့မှာလေ။ ဒီတော့ အဆောင်တွေမှာ စုတ်စုတ်ကပ်ကပ်နေရင်နေ၊ မနေရင် လူတွေအများကြီးပေါင်းနေမှ ပိုက်ဆံရှာတာ အဆင်ပြေပါတယ်။ ဝန်ထမ်းဆိုလည်း အစိုးရက ပေးထားတဲ့ အိမ်လေးမှာ ဖြစ်သလိုနေပြီး အလုပ်လုပ်ရတာပေါ့။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ သာမန်လူတန်းစားတွေအဖို့ မြို့မှာနေမယ်ဆိုရင် ထောင်ကျကျ ပြားကျကျ နေမှပဲ ရနိုင်ပါလိမ့်မယ်။ ဒါက အိမ်ငှားဖို့ပဲ ရှိပါသေးတယ်။ အိမ်ဝယ်ဖို့ဆိုတာတော့ စဉ်းစားလို့တောင် မရပါဘူး။ စဉ်းစားရင် စိတ်ကျရောဂါ ရဖို့ပဲ ရှိပါတယ်။ ဒီတော့ နေစရာအိမ်ဆိုတာ အိမ်မက်ဆိုးကြီး တစ်ခုပါပဲ။ဒီကိစ္စဖြေရှင်းဖို့ အစိုးရက တန်ဖိုးနည်းအိမ်ယာတွေကို အရစ်ကျစနစ်နဲ့ ဝယ်ခွင့်ပေးပါတယ်။ အဲဒီလိုဝယ်ဖို့အတွက် အရင်ဆုံး ပုံမှန်ဝင်ငွေရှိတဲ့ အလုပ်တစ်ခု လိုအပ်ပါတယ်။ ဒါမှ ဘဏ်ကနေ ချေးငွေယူလို့ရပါတယ်။ ပြီးရင် ရတဲ့လစာထဲကနေ တစ်လတစ်ခါ ဆပ်သွားယုံပေါ့။ ဒါပေမဲ့ ပြဿနာက ရှိပါသေးတယ်။ အဲဒါက လစာနည်းတဲ့ လူတွေကို ဘဏ်က ချေးငွေ အများကြီး မထုတ်ပေးပါဘူး။ လစာနည်းတဲ့လူတွေက အခုနပြောတဲ့ ကိုယ်ပိုင်ရေချိုးခန်း၊ အိမ်သာ၊ အိပ်ခန်း စတာတွေပါတဲ့ တိုက်ခန်းရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ရမယ်ဆိုရင်လည်း မြို့ထဲမှာ မရနိုင်ပါဘူး။ မြို့ထဲမှာလည်း နေချင်တယ်၊ ခုနလို တိုက်ခန်းမှာလည်း နေချင်တယ်ဆိုရင်တော့ ဘဏ်ကနေ ပိုက်ဆံများများ ချေးမှ ရပါမယ်။ ဒါပေမဲ့ ဝင်ငွေနည်းရင် ပိုက်ဆံ အများကြီး ချေးလို့မရပါဘူး။ အဲဒါက ဒီဇာတ်ကားရဲ့ အဓိက ပြဿနာပါပဲ။
ဇာတ်လိုက်က မြို့ပြမှာ ဇိမ်ရှိတဲ့ တိုက်ခန်းလေးနဲ့၊ တီဗွီအပြားကြီး တစ်ခုနဲ့၊ အဲယားကွန်းနဲ့၊ ကိုယ်ပိုင် ရေချိုးခန်း၊ ကိုယ်ပိုင်အိမ်သာနဲ့၊ အတော်အတန် ကျယ်တဲ့ နေအိမ်မှာ နေချင်တာဆိုတော့ သူရတဲ့ လစာက၊ သူလိုချင်တဲ့ ပိုက်ဆံကို ချေးမပေးနိုင်ပါဘူး။ ဒီတော့ ဒီဇာတ်ကားထဲမှာ မင်းသားက အဲဒီ အိမ်ကိုရဖို့အတွက် ကြိုးစားနေတဲ့အချိန်မှာ ကောင်မလေးနဲ့တွေ့ပြီး ဘယ်လို အချစ်ဇာတ်လမ်းတွေကြားထဲကနေ တိုက်ခန်းကို ရအောင် ဘယ်လိုလုပ်ယူနိုင်မလဲ ဆိုတဲ့ မေးခွန်းတွေကိုတော့ ဇာတ်ကားကြည့်ရင်းနဲ့ပဲ အဖြေရှာကြပါတော့လို့ တင်ပြရင်း ဒီဇာတ်ကားလေးကို ညွှန်းလိုက်ပါရစေ…။ဒီဇာတ်ကားနာမည်မှာ မေးထားပါတယ်။ တစ်စတုရန်းပေ အကျယ်မှာ အချစ်ဘယ်လောက်ရှိပါသလဲတဲ့?
0 comments:
Post a Comment