Million Dollar Baby (2004)

Rating :8.1/10
Country : United State 
Genre :   Drama, Sport 
Cast : Hilary Swank, Clint Eastwood, Morgan Freeman
Released Date : 2004
Duration : 2h 12min


Million Dollar Baby ဆိုတဲ့ရုပ်ရှင်ဟာ ရိုးစင်းပေမယ့်
နက်ရှိုင်းတဲ့အမှန်တရားအပြည့်နဲ့ ဇာတ်လမ်းတစ်ခုပါ။ ဒီဇာတ်လမ်းမှာ
အသက်ကြီးနေပြီးဖြစ်တဲ့ စကားကိုကန့်လန့်ပြောတတ်တဲ့
လက်ဝှေ့ထရိန်နာတစ်ယောက် ရယ်၊ သူ့ရဲ့သူငယ်ချင်း တစ်ချိန်က
အောင်မြင်ခဲ့တဲ့လက်ဝှေ့သမားဟောင်းကြီးပေမယ့် မျက်လုံးတစ်ဖက် ကွယ်ပြီး
အားကစားရုံမှာ အောက်ခြေသိမ်းလုပ်နေရတဲ့ သူရယ်၊
လက်ဝှေ့သမားတစ်ယောက်ဖြစ်ချင် စိတ်ပြင်းပြပြီး ဇွဲလုံ့လကြီးတဲ့
အမျိုးသမီးတစ်ဦးရယ်ကို အဓိကဇာတ်အိမ်တည်ထားတာပါ။
အနှစ်သာရပြည့်ဝတဲ့ နောက်ခံစကားပြောတွေကလည်း
ဒီဇာတ်ကားရဲ့တစ်ခန်းနဲ့တစ်ခန်းအကူး အပြောင်းကို
မပျင်းရအောင်ခေါ်ဆောင်ပေးသွားမှာပါ။
သာမန်လက်ဝှေ့ရုပ်ရှင်တော်တော် များများမှာကတော့
အောင်မြင်နေတဲ့လက်ဝှေ့သမားတစ်ယောက်ရဲ့
ဘဝတစ်ဆစ်ချိုးမှာကြုံရတဲ့ဒုက္ခရယ်၊ ဒီဒုက္ခကို ဘယ်လိုကျော်ဖြတ်ပြီး
ထိပ်ဆုံးကိုပြန်ရောက်သွားသလဲဆိုတာကိုပဲ
Happy Ending လေးနဲ့သိမ်းထားပေးပြီး
ကြည့်ရတဲ့သူစိတ်ပျော်အောင်ရိုက်ပြတတ်ကြပါတယ်။
ဒီရုပ်ရှင်မှာတော့ အသက် ၃၁ နှစ်မှ သေချာထရိန်နာနဲ့လေ့ကျင့်ခွင့်ရတဲ့၊
လက်ဝှေ့ထိုးတာသုံးနှစ်ရှိတာတောင် သဲအိတ်တစ်အိတ်မဝယ်နိုင်တဲ့
စားပွဲထိုးမလေးက သူ့ရဲ့အိပ်မက်တွေကို ဘယ်လိုဇွဲနပဲနဲ့
အောက်ခြေကနေအဆင့်ဆင့် အကောင်အထည်
ဖော်သွားလည်းဆိုတာ တွေ့ရမှာပါ။ ဘဝဆိုတာ
အနိမ့်အမြင့်အတက်အကျတွေနဲ့ဖွဲ့စည်းထားတဲ့အလျောက်
သူ့ရဲ့အောင်မြင်မှုတွေနေဝင်ချိန်မှာထားတဲ့ သူ့ရဲ့စိတ်ဓာတ်နဲ့
ခံယူချက်တွေကလည်း တွေးစရာတွေပေးသွားမှာပါ။
သူရွေးချယ်လိုက်တဲ့လမ်းဟာ အရှုံးပေးထွက်ခွာခြင်းလား?
အနိုင်ပိုင်းထွက်ခွာခြင်းလား?
ဒီနှစ်ခုကြားက ကွာခြားချက်ကဘာလဲ?
အဲဒါတွေကိုတော့ ကြည့်ရှုတဲ့ပရိတ်သတ်က ဆုံးဖြတ်ရမှာပါ။
ဒီဇာတ်လမ်းကပေးတဲ့ တခြားအတွေးစလေးတွေ ပြောပြချင်ပေမယ့်
မကြည့်ရသေးတဲ့သူတွေအတွက် အရသာပေါ့သွားမှာစိုးလို့
ဒီအတိုင်းလေးပဲထားလိုက်ပါရစေ။
Rotten Tomatoes မှာ 91% တောင် ရထားတဲ့အပြင်
IMDB rating ကလည်း 8.1 တောင်ရထားတာမို့လို့
ရုပ်ရှင်ကားကောင်းတစ်ကားဆိုတာ ပြောဖို့မလိုတော့ပါဘူး။
လက်ဝှေ့နောက်ခံဇာတ်ကြောင်းကြိုက်တဲ့သူတွေ၊
ရုပ်ရှင်တစ်ကားကိုကြည့်ပြီးရင် တွေးစရာကျန်တာကိုသဘောကျတဲ့
ရုပ်ရှင်ကြည့်ပရိတ်သတ်တွေ မကြည့်ရသေးရင်
ကြည့်သင့်တယ်ဆိုတဲ့အကြောင်းကို ညွှန်းပေးလိုက်ရပါတယ်။

0 comments:

Post a Comment