Mr. Sunshine (2018)

24 Episodes

Rating : 9.0/10
Country : South Korean
Genre : Action,Military,Historical,Romance,War,Tragedy
Cast : Lee Byung Hun,Kim  Tae Ri,Kim Min Jung,Yoo Yeon Seok,Byun Yo Han

ပထမဆုံးကတော့ ဒီကားဟာ ယခုနှစ်တွေအတွင်းမှာ အကောင်းဆုံးဇာတ်ကားတကားဖြစ်တယ်ဆိုတာပါပဲ။ ကျနော့်လို သမိုင်းတွေ နိုင်ငံရေးတွေ စိတ်ဝင်စားတဲ့လူအတွက်ပေါ့။ Secret Garden, Decedents of the Sun တို့လို နာမည်ကြီးကားတွေရေးခဲ့တဲ့ Kim Eun-Sook က ရေးသလို မင်းသားကလဲ Lee Byun Hyun မလို့ ကြည့်ခဲ့တာပါ။ တကယ်ကို ကြည့်ရကျိုးနပ်တဲ့ကားပါပဲ။ ဒီနေရာမှာ ကြည့်နေရင်း ခံစားမိ တွေးမိတာတွေထဲက တချို့ကို ရေးပြချင်ပါတယ်။

တခုကတော့ လီဗြောင်ဟွန်း ကပ်ဦးထုတ်စောင်းပီး ကုတ်ဝတ်ထားတဲ့ပုံဟာ ဗိုလ်ချုပ်နဲ့ အရမ်းကို တူတာပါပဲ။ ဗိုလ်ချုပ်ကို မြင်နေရသလိုကို ခံစားမိပါတယ်။ ဒီကားဟာ စစ်ပွဲကာလက ကိုရီးယား(ဂျိုဆွန်ခေတ်)ကို ရိုက်ပြထားတာပါ။ ဂျပန်တွေကို ကိုရီးယားတွေ ရှုံးနေသော်လည်း တောင့်ခံနေတာ တော်လှန်နေတာ မြင်ရတော့ တချိန်က မြန်မာပြည်မှာ ဖက်ဆစ်တော်လှန်ရေးကြီးဖြစ်ပွားနေတာတွေကို တွေးမိပါတယ်။ မြန်မာပြည်မှာလဲ ဗိုလ်ချုပ်အောင်ဆနး်ရဲ့ ခေါင်းဆောင်မှုနဲ့ ဂျပန်တွေကို တွန်းလှန်တိုက်ထုတ်ခဲ့ကြတုန်းကလဲ ဒီလို အသက်တွေ သွေးတွေ ချွေးတွေကို အများကြီးရင်းနှီးခဲ့ရမှာပါ။ ကျနော်တို့ အဖိုးတွေ မျိုးဆက်တွေဟာ ဒီနိုင်ငံအတွက် အများကြီးပေးဆပ်ခဲ့ကြတာပါ။ သူတို့ ဖြတ်သန်းရတဲ့ခေတ်ဟာ ကျနော်တို့ထက် ကြမ်းတမ်းပါတယ်။ သေနတ်တွေ ကျည်ဆံတွေ အသက်တွေဆိုတာ သူတို့နေ့စဉ်ကြုံတွေ့နေရတာမျိုးတွေပါ။ ဒါပေမယ့် ဒီခေတ်မှာ ဘာလို့လူလာဖြစ်သလဲဆိုပီး ညည်းညူမနေပဲ ဒီဒုက္ခတွေကြားမှာ ခေတ်ရဲ့ ကျရာတာဝန်ကို ထမ်းဆောင်သွားကြပါတယ်။ ဒါဟာ စစ်ပွဲခေတ်မှာ လူဖြစ်လာကြတဲ့ လူသားတွေ အားလုံးပါပဲ။ ကမ္ဘာ့နိုင်ငံအသီးသီးကလူတွေပေါ့။ သူတို့ဟာ စစ်ပွဲတွေနဲ့ခေတ်ကြမ်းကြီးထဲမှာ တာဝန်ကျေခဲ့ကြပါတယ်။

ခုချိန်မှာတော့ သူတို့က စစ်ပွဲအလွန် ပြာပုံပေါ်က ရုန်းထွက်ပီး ချမ်းသာကုန်ကြပါပီ။ တောင်ကိုရီးယားသမ္မတမွန်းက မြောက်ကိုရီးယားပြုံယမ်းအထိ သွားပီး မြောက်ကိုရီးယားနိုင်ငံသားတွေကို ဒီလိုမိန့်ခွန်းပြောခဲ့ပါတယ်။ " ကျနော်တို့ နှစ်ပေါင်း ၅၀၀ ကျော် အတူနေခဲ့ကြတယ်။ နှစ် ၇၀ လောက် ခွဲခွာပီးနေခဲ့ကြတယ်။ အခုတော့ ပြန်လည်စုစည်းနေထိုင်ကြပါစို့။" တဲဲ့။ ကျနော်တို့ တိုင်းပြည်ကတော့ နောက်မှာ အပြတ်နောက်ကျကျန်ခဲ့ပါပီ။ အခုမှ တည်ဆောက်ဖို့ ခေတ်ပြောင်းတခုကို ဖြတ်သန်းနေရပါတယ်။ ဒါပေမယ့် သေချာတာကတော့ ဒီခေတ်မှာ ကျနော်တို့ ရင်ဆိုင်နေရတာတွေက အဲအချိန်က လူတွေကြုံခဲ့ရတာတွေထက် အများကြီး သက်သာပါတယ်။ ဒါကြောင့် သူတို့တာဝန်ကျေခဲ့သလို ကျနော်တို့လဲ ကျနော်တို့ခေတ်ရဲ့ တာဝန်ကို ရဲရဲထမ်းဆောင်သင့်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အကျိုးအတွက်ပဲ ဖြစ်ပါတယ်။ ကျနော်တို့ကတော့ ဘာမှရဖို့မရှိပါဘူး။ ဒီလို ရှေ့ဆက်နိုင်ဖို့ဆိုရင်လဲ စည်းလုံးမှု မရှိလို့ကတော့ မရပါဘူး။ ၁၉၅၀ ကျော်ထဲက လိုချင်ခဲ့ရတဲ့ ငြိမ်းချမ်းရေးဆိုတဲ့ အုတ်မြစ်မရှိရင်လဲ မရနိုင်ပါဘူး။ ဒီတော့ ကျနော်တို့ခေတ်မှာ ဒါတွေကို ကြိုုးစားကြပါစို့။

နောက်တခုကတော့ ဗိုလ်ချုပ်ရုပ်ရှင်ပါပဲ။ ဗိုလ်ချုပ်တို့ခေတ်ရဲ့ သမိုင်းနဲ့ ဖြတ်သန်းမှုဟာ လက်ရှိမြန်မာပြည်ကို Rule လုပ်တာပါပဲ။ တကယ့်ကို ခမ်းခမ်းနားနားနဲ့ မရိုက်နိုင်ရင် လုံးဝကို မရိုက်သင့်တဲ့ကားပါပဲ။ ဇာတ်ညွှန်းရေးသူကော သရုပ်ဆောင် ဒါရိုက်တာအားလုံးဟာ သမိုင်းပေးတာဝန်တခုလို လုပ်ကြရမှာပါ။ ဒါကို ဒီကားကြည့်ပီးချိန်မှာ ပိုသိလာရပါတယ်။ ဗိုလ်ချုပ်ရုပ်ရှင်ဆိုပီး ဗိုလ်ချုပ်အကြောင်းတခုထဲ ကွက်ရိုက်လို့မရပါဘူး။ ဂျပန်တွေဘက်က အနေအထား၊ အင်္ဂလိပ်တွေဘက်က အနေအထားတွေ၊ အဲခေတ်က ဆက်တင်တွေ၊ စစ်ပွဲတွေ၊ ဗိုလ်ချုပ်ရဲ့ နေသူရိန်မိန့်ခွန်း၊ စစ်ထွက်မိန့်ခွန်းတွေ၊ မြို့တော်ခန်းမ မိန့်ခွန်းတွေ၊ နည်းတဲ့ အခန်းတွေ မဟုတ်ပါဘူး။ ဇာတ်ရံမှာလဲ ဒေါက်တာဘမော်၊ သခင်နု။ သခင်သန်းထွန်း၊ ကျော်ငြိမ်း၊ ညိုမြ၊ သခင်လှမြိုင်တို့ကနေ ရိုက်မယ်ဆို ကျောင်းအုပ်ကြီး မစ္စတာစလော့အထိအကုန်ရိုက်လို့ရပါတယ်။ သုံးရမယ့် သရုပ်ဆောင်ကလဲ အများကြီးပါပဲ။ သူတို့လို ကောင်းအောင် မရိုက်နိုင်ရင် လုံးဝ မရိုက်တာက ပိုကောင်းပါတယ်။ ဒါက နိုင်ငံရဲ့ သိက္ခာနဲ့လဲ သက်ဆိုင်ပါတယ်။ မြန်မာနိုင်ငံသားတိုင်းရဲ့ လူတိုငး်ရင်ထဲမှာ ဗိုလ်ချုပ်ရှိပါတယ်။ ကိုယ်ပုံဖော်ထားတဲ့ပုံနဲ့ပေါ့။ ဒီတော့ ဒီနှလုံးသားထဲက ဗိုလ်ချုပ်ကိုပဲ ရှင်သန်ခွင့်ပေးသင့်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဇာတ်ကားကတော့ ဒီနှစ်ပိုင်းတွေထဲ ခံစားလို့ အကောင်းဆုံး ကိုရီးယားဒရာမာကားလို့ပဲ သတ်မှတ်ချင်ပါတော့တယ်။

ဂျိုဆောင်ပြည်သူတွေဟာ မနိုင်မှန်းသိပေမယ့် မတရားသော အနိုင်ကျင့်မှုတွေကို စိတ်ဓာတ် ပေးဆပ်ခြင်းတွေနဲ့ တော်လှန်ခဲ့ကြသလို ကျနော်တို့ဟာလဲ မပီးဆုံးသေးသော အနိုင်ကျင့်မှုတွေကို စိတ်ဓာတ်ခွန်အားတွေနဲ့ တော်လှန်နေရဆဲပါပဲ။

0 comments:

Post a Comment