Season (1) - 10 Episodes (Complete)
Rating : 9.1/10
Country : United State
Genre : Documentary
Released Date : 2017
ပြီးခဲ့တဲ့ လ အနည်းငယ်လောက်က စစ်နဲ့ပတ်သက်တဲ့ documentary တွေ လိုက်ကြည့်နေဖြစ်ခဲ့ပါတယ်။ အဓိက ကြည့်ဖြစ်တာကတော့ WWII ပေါ့။ နောက်တော့ ကျွန်တော်သေချာ မသိသေးတဲ့ Vietnam စစ်ပွဲအကြောင်း ရိုက်ထားတဲ့ The Vietnam War ဆိုတာ တွေ့ခဲ့ပါတယ်။ တခြားမှတ်တမ်းရုပ်ရှှုင်တွေလိုမျိုး နာမည်ထူးထူးခြားခြားတွေ ပေးထားတာတွေလည်း မရှိပါဘူး။ The Vietnam War ဆိုတာပါပဲ။ ဒါရိုက်တာတွေကတော့ Ken Burns နဲ့ Lynn Novick တို့ပါ။ ကျွန်တော်ကြည့်ဖူးသမျှ Documentary တွေထဲမှာ ဒီ series ဟာ အကောင်းဆုံးနဲ့ အပြည့်စုံဆုံး documentary series တစ်ခု ဖြစ်လာခဲ့ပါတယ်။
အရင်ဆုံး Vietnam War အကြောင်း အကြမ်းဖြင်း နည်းနည်းပြန်ပြောကြည့်ပါမယ်။ Vietnam စစ်ပွဲ သို့မဟုတ် အမေရိကန် ကျူးကျော်မှုကို ခုခံသော စစ်ပွဲ စသဖြင့် ခေါ်ကြတဲ့ ဒီစစ်ပွဲဟာ Vietnam နဲ့ American History တို့မှာ အရုပ်ဆိုး အကျဉ်းတန်လှတဲ့ အမည်းစက်ကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ World War II ပြီးတော့ Soviet Union ရဲ့ Communist တွေ အင်အားကြီးထွားလာတာ ကို မလိုလားတဲ့ အမေရိကန်တွေအတွက် North Vietnam (Hanoi) မှာ Communist တွေ ကြီးစိုးပြီး တောင်ပိုင်းကို စိုးမိုးဖို့ကြိုးပမ်းလာတာကို လက်မခံနိုင်ခဲ့ပါဘူး။ တကယ်လို့သာ တောင်ပိုင်းပါသွားပြီး Communist အောင်နိုင်ခဲ့မယ်ဆိုရင် အရှေ့တောင်အာရှ မှာပါ Communist အင်အားပြန့်လာမှာဖြစ်ပြီး နောင်တစ်ချိန်ကျ ထိန်းသိမ်းရ အရမ်းခက်ခဲလာမှာပါ။ အဲအတွက် US နဲ့ မဟာမိတ်တွေဟာ South Vietnam အစိုးရဖြစ်တဲ့ Saigon ကို ထောက်ပံ့ပေးခဲ့ပါတယ်။ နောက်ပိုင်း ခြေလျင်တပ်တွေပါ တိုက်ရိုက် ပါဝင်ပတ်သက်လာခဲ့ပါတယ်။ စစ်မြေပြင်ရဲ့ မြေအနေအထား နဲ့ North Vietnam နဲ့ Viet Cong တို့ရဲ့ ခြုံခိုတိုက်ခိုက်မှုတွေကြောင့် US ဘက်မှာ အကျအဆုံးတွေ များလာခဲ့ပါတယ်။ အဲလိုပဲ စစ်ကို မနိုင်နိုင်အောင် တိုက်ဖို့ ဗုံးတွေကြဲရတာ၊ ရွာထဲဝင်သွားရင် ဘယ်သူက ရန်သူလဲ ဘယ်သူက အရပ်သား လဲ သေချာမသိရတာတွေကြောင့် ကြားထဲမှာ သေကြေခဲ့ရတဲ့ အရပ်သားတွေလည်း အများကြီးပါပဲ။ ပိုဆိုးတာက အမေရိကန် တပ်စိပ်တစ်ခုက စစ်သားတွေဟာ ကိုယ့်ရဲဘော်တွေကျဆုံးတာကို လက်စားချေလိုတဲ့ စိတ်တွေ၊ စစ်ရဲ့ စိတ်ဖိစီးမှု တွေ ကြောင့် တစ်ရက်မှာ ရွာတစ်ရွာကိုလည်း ရောက်ရော ကလေးရော မိန်းမတွေကိုပါ မဲမဲမြင်ရာ ပစ်သတ်ခဲ့တဲ့ အမှုဖြစ်လာခဲ့ပါတယ်။
ကြားထဲမှာ Vietnam ရှေ့တန်းကို စစ်သားတွေပို့ဖို့အတွက် အစီအစဉ်တွေလုပ်ခဲ့လို့ အမေရိကန် ကျောင်းသားတွေဟာ ကျောင်းပြီးတာနဲ့ အမှတ်ကောင်းရင်ကောင်း၊ မကောင်းရင် ကျောင်းကောင်းကောင်း တက်ဖို့ပိုက်ဆံ တတ်နိုင်ရင် တတ်နိုင်၊ မဟုတ်ရင် စစ်ထဲဝင်ရပြီး Vietnam အပို့ခံရပါတယ်။ အဲအတွက် လူကြီးသားသမီးတွေ သူဌေးသားသမီးတွေလောက် လွတ်ပြီး သာမန်လူတန်းစား အများစုက လူငယ်တွေဟာ သူတို့နဲ့ဘာမှလည်း မဆိုင်တဲ့ စစ်မှာ သွားတိုက်ခဲ့ရ အသက်ပေးခဲ့ရပါတယ်။ နောက်တစ်ခုက အမေရိကန်တွေရဲ့ strategy တွေပါ။ တောင်ကုန်း တစ်ခုက အရေးကြီးတယ် ဆိုလို့ US Marine ဒါဇင်ပေါင်းများစွာ ရာပေါင်းများစွာ အသေခံ ဒဏ်ရာရခံပြီး တိုက်တယ်။ သိမ်းမိတယ်။ သိမ်းပြီး နာရီပိုင်းလောက်ပဲ ကြာတယ် ရဟတ်ယာဉ်တွေရောက်လာပြီး စစ်သားတွေ ပြန်ခေါ်သွားတယ်။ တောင်ကုန်းကို ဆက်ထိန်းမထားပါဘူး။ US ခံတပ်ကို North က လာတိုက်တယ်။ President က ခံတပ် အကျမခံဖို့ အမိန့်ပေးတယ်။ မရမက မကျအောင် အသည်းအသန် ကာကွယ် တိုက်ခိုက်တယ်။ နောက်ဆုံး North တွေ တပ်ဆုတ်သွားတယ်။ ခံတပ် ကျမသွားဘူး။ ဒါပေမဲ့ ရက်ပိုင်းပဲကြာတယ်၊ အမေရိကန်တွေပဲ အဲခံတပ်ကို ဖျက်ဆီးပြီး နေရာရွေ့သွားတယ်။ ဒီလိုမျိုး အဖြစ်အပျက်တွေ အများကြီးဖြစ်လာတော့ ပြည်သူတွေသဘောထားမှာတင်မက စစ်သားတွေကြားမှာတင် မကျေနပ်ချက်တွေ ပေါလာပါတယ်။ ငါတို့က ဘာလို့တိုက်နေရ သေပေးနေရသေးလဲ။ ပြီးရင် ပြန်ဆုတ်ရမှာပဲ မဟုတ်လား။
ဒီလိုအချက်တွေကြောင့် ကြာလာတော့ အမေရိကန်ပြည်သူတွေက မကျေနပ်တော့ပါဘူး။ WWII တုန်းကလို အမေရိကန်တွေကို ထိခိုက်သေကြေ အောင် တိုက်ရိုက်ခြိမ်းခြောက်နေတဲ့ Nazi တွေ Japan တွေလည်းမဟုတ်ပါဘူး။ သူတို့ဟာသူတို့ လွတ်လပ်ရေး ရပြီးကာစ ပြည်တွင်းစစ် ဖြစ်နေတဲ့ တိုင်းပြည်လေး။ ကိုယ်တွေနဲ့လည်း မိုင်ထောင်ပေါင်း များစွာ ဝေးတယ်။ အဲလိုနေရာကို ကိုယ့်ကလေးတွေ လွှတ်ပြီး အသေခံခိုင်းနေရတာ မဟုတ်သေးပါဘူး။ အဲအပြင် ခုနက ပြောခဲ့တဲ့ စစ်သည်အချို့ရဲ့ war crime တွေလည်း သတင်းပေါက်ကြားလာတဲ့အခါမှာ အမေရိကန်ပြည်သူတွေကြား သဘောထားကွဲလွဲတာတွေ ရှိလာတယ်။ စစ်ကို မထောက်ခံကြတော့ဘဲ ရှုံ့ချလာကြတယ်။ အဆိုးဆုံးက စစ်ပြန်တွေပါ။ အရင်ကလို စစ်ပြန်ဆိုတာနဲ့ ဂုဏ်ယူစရာ အလုပ်မဟုတ်တော့ပါဘူး။ ကိုယ်လည်း မသွားချင်တဲ့နေရာ၊ မလုပ်ချင်တဲ့အလုပ်ကို လုပ်ရတယ်။ ကိုယ့်သူငယ်ချင်းတွေသေတယ်။ ကိုယ်လည်း မသေရုံတမယ် မရူးရုံ တမယ်ပဲ။ ကိုယ်အိမ်ပြန်လာတဲ့အခါလည်းရောက်ရော ပြည်သူတွေက “ကလေးတွေသတ်တဲ့ကောင်တွေ၊ လူသတ်ကောင်တွေ” ဆိုတာမျိုးတွေပဲ တုန့်ပြန်ပါတယ်။
ဒီလိုဖြစ်နေလို့ Saigon ကိုပဲ လက်နက်ထောက်ပံ့ပြီး လွှတ်ထားလိုက်ရမလား ဆိုတော့ မဟုတ်သေးပြန်ပါဘူး။ South Vietnam အစိုးရကလည်း အကျင့်ပျက် ချစားတာတွေက အကြီးအကျယ်ဖြစ်ပြီး လွှတ်ထားရင် North ကို လုံးဝ နိုင်မှာမဟုတ်ပါဘူး။ ဒီလိုမျိုး ပြသနာတွေကြောင့် စစ်ကို ရှောင်မယ် ရှောင်မယ် လုပ်ရင်း ရှေ့ပဲဆက်တိုးနေဖြစ်ခဲ့တယ်။ နောက်ဆုံး Nixon လက်ထက်မှာတော့ Vietnamization ဆိုပြီး Saigon ကို လွှဲခဲ့မယ်ဆိုတဲ့ အကွက်ကို လုပ်ခဲ့ပါတယ်။ ခုနက ပြောခဲ့သလိုပဲ South Vietnamese အစိုးရနဲ့စစ်တပ်ကို ထောက်ပံ့ သင်ကြားပေးပြီး သူတို့သာ အဆင်သင့်ဖြစ်ပြီဆိုရင် အမေရိကန်တွေ ပြန်ဆုတ်သွားတော့မယ်ပေါ့။ President နဲ့ အရာရှိတွေပြောတဲ့ ဖုန်းစကားပြောသံ tape တွေအရ Saigon က North ကို US အကူအညီမပါပဲ ရင်ဆိုင်ဖို့ မဖြစ်မှန်း Nixon တို့သိပါတယ်။ ဒါပေမဲ့ ရတယ်ပဲပြောရမယ် ဆိုပြီး South Vietnam စစ်တပ်ဖြစ်တဲ့ ARVN ကို ထိုးစစ်တစ်ခု ဆင်ခိုင်းတယ်။ ထင်ထားတဲ့အတိုင်းပဲ ရှက်စရာကောင်းလောက်အောင် ရလဒ်တွေ ဆိုးလို့ ပြန်ဆုတ်လာရတယ်။ ဒါပေမဲ့ Nixon ပြောတဲ့ မိန့်ခွန်းမှာကတော့ ARVN အောင်နိုင်တယ်။ Vietnamization လုပ်လို့ရပါပြီ ဆိုပြီးတော့ပါ။
ဒီလိုအချက်တွေနဲ့ စစ်အပေါ်ထောက်ခံမှု နည်းလာတဲ့ အချက်တွေကြောင့် နောက်ဆုံးမှာ Vietnam ကနေ US တပ်တွေ ထွက်ခွာသွားပါတယ်။ ဒါပေမဲ့ President Nixon က South Vietnam President ကို ကတိပေးခဲ့ပါတယ်။ တကယ်လို့ North က South ကို အကြီးအကျယ် ရန်စ ရန်ပြုလာခဲ့မယ်ဆိုရင် အမေရိကန်တွေက အင်အားအပြည့်နဲ့ တုံ့ပြန်ပါမယ် ဆိုပြီးတော့ပါ။ ဒါပေမဲ့ သူ့ကတိ မတည်နိုင်ခင်မှာပဲ နိုင်ငံရေး အခြေအနေမကောင်းတော့လို့ Nixon လည်း President အဖြစ်ကနေ နှုတ်ထွက်ခဲ့တယ်။ နှုတ်ထွက်တဲ့ ပထမဆုံး US President ဖြစ်လာခဲ့တယ်။ အမေရိကန် လွှတ်တော်ကလည်း Vietnam ကို ထောက်ပံ့တာတွေကို လျှော့ချတာ ရပ်ဆိုင်းတာတွေ လုပ်လာခဲ့ပါတယ်။
အဲဒီမှာ South Vietnam တိုင်ပတ်ပါတယ်။ ARVN ဟာ အမေရိကန်က လက်နက် တပ်ဆင်ပြီး လေ့ကျင့်ပေးထားတာပါ။ ဆိုတော့ သူတို့ဟာ စစ်ကို သူဌေးတိုက်သလို တိုက်နည်းပဲသိပါတယ်။ ရန်သူတွေ့လား၊ အမြောက် ပစ်ကူ ခေါ်မယ်၊ လေကြောင်း ပစ်ကူခေါ်မယ်။ ရန်သူ့နယ်မြေတွေ့ရင် ခြေလျှင်တပ် ထက်ကို ဗုံးကြဲမယ် ဆိုတာမျိုး။ အင်အားကြီးမားတဲ့ရန်သူကို သာလွန်တဲ့ လက်နက်တွေ ပစ်အားတွေနဲ့ ပြန်တိုက်ဖို့ပဲ တတ်တဲ့ စစ်တပ်ဖြစ်နေတယ်။ အဲအချိန် US က ထောက်ပံ့မှုတွေ ရပ်လိုက်တော့ သွားပါလေရော။ တိုက်လေယာဉ်ရှိတယ်၊ pilot မရှိဘူး။ ကားရှိတယ် spare part မရှိဘူး။ တင့်ကားရှိတယ် ဆီမရှိဘူး။ သေနတ်ရှိတယ် ကျည်မရှိဘူး။ နောက်ဆုံး အခြေအနေဘယ်လောက် ဆိုးသွားသလဲဆို ARVN စစ်သားတစ်ယောက်ဟာ တစ်လလုံးစာ ကျည်စံ ၈၅ တောင့်နဲ့ လက်ပစ်ဗုံး တစ်လုံးပဲ ရပါတယ်။ အမြောက်တပ်တွေဆို တစ်ရက်မှ အမြောက် ၄ ချက်ပဲ ပစ်ခွင့်ရပါတယ်။ ဒီလို ပစ်အားနဲ့ ကွန်မြူနစ်တပ်တွေကို ဘယ်လိုမှ ရင်ဆိုင်လို့ မရပါဘူး။ ကြားထဲမှာ လစာငွေတွေပါ လျှော့ချခံရတဲ့အတွက် ARVN တပ်အတွင်း တစ်လ ကို စစ်သား ၂ သောင်းလောက် စစ်ပြေးတွေရှိခဲ့ပါတယ်။ ဒီလိုနဲ့ပဲ နောက်ဆုံးမှာတော့ North Vietnam ကပဲ South Vietnam ကို အောင်နိုင်ခဲ့ပြီး နိုင်ငံလည်း Communist ဖြစ်သွားခဲ့တယ်။
အခု series ကို အရမ်းသဘောကျတာက အပေါ်မှာပြောခဲ့သလို သူက အရမ်းကို complete ဖြစ်တယ်လို့ ခံစားရပါတယ်။ ကျွန်တော်က ဒီမှာသာ US ဘက်က အမြင်လောက်ကိုသာ ပြောထားတာ။ သူတို့ပြတဲ့အထဲမှာ ရှုထောင့် ပေါင်းစုံ လူပေါင်းစုံပါပါတယ်။ အမေရိကန် စစ်သား၊ စစ်ပြန်၊ စစ်သားရဲ့ အမျိုး၊ စစ်သုံ့ပန်း၊ South Vietnam စစ်သား၊ North Vietnam စစ်သား အစုံပဲ။ President တွေနဲ့ အစိုးရအဖွဲ့က လူကြီးတွေ ဖုန်းပြောထားတဲ့ မှတ်တမ်း tape ခွေတွေပါ ပါတယ်။ သူတို့ရဲ့ ကိုယ်တွေ့အချက်တွေ ခံစားချက်တွေကြောင့် အမြင်အများကြီး တွေ့ရပါတယ်။ ဥပမာ North Vietnam က စစ်နိုင်သွားတယ်ဆိုလို့ North Vietnam စစ်သားတွေကရော ပျော်နိုင်ရဲ့လား။ စစ်သားတစ်ယောက်ပြောတာဆို သူတို့ Saigon ကို သိမ်းလိုက်နိုင်တယ်။ အဲအတွက်သူအိမ်ပြန်ဖြစ်တယ်။ အမေ့ကိုတွေ့တယ်။ ဒါပေမဲ့ မပျော်နိုင်ဘူ။ အောင်ပွဲ မခံနိုင်ဘူး။ ဘာလို့ဆို သူတို့တိုက်ခန်းမှာ စစ်ထဲဝင်သွားတဲ့ ကလေး ၆ ယောက်မှာ သူတစ်ယောက်ပဲ ရှင်တာ။ ကိုယ်တွေ ရှင်ဖို့ သူတို့တွေ အသက်ပေးထားရတယ်။ မပျော်နိုင်ပါဘူး တဲ့။ ကျွန်တော် War Documentary တွေ အများကြီးကြည့်ဖူးပါတယ်။ ဒါပေမဲ့ ဒီ Series လောက်တော့ စစ်က ဘယ်လောက် ကြောက်ဖို့ ကောင်းမှန်း၊ အရုပ်ဆိုးမှန်း မခံစားရဖူးပါဘူး။
အဲလိုမျိုး ပြည့်စုံအောင် လုပ်ထားလို့လည်းပါပါတယ်။ ဒီ documentary က တကယ့် documentary လို့ပြောရမှာပါ။ Vietnam War ဆိုပြီး မဖြစ်ခင် French နဲ့ စပြီး တင်းမာကတည်းက ဇာတ်လမ်း စ ခဲ့တာ US တွေ ပြန်ပြီးလို့ President Obama တက်လာပြီး Vietnam သွားလည်တဲ့အထိ ပါပါတယ်။ တစ်ပိုင်းကို ၁ နာရီ နဲ့. ၄၅ မိနစ်လောက် ရှည်ပါတယ်။ စုစုပေါင်း ၁၀ ပိုင်း ပါပါတယ်။ ကြည့်ရရင် တစ်မေ့တစ်မောကြီးပါ။ တစ်ပိုင်းကို ရုပ်ရှင်တစ်ကားစာလောက် ဖြစ်နေတာပေါ့။ အဲဒါမို့လည်း ကျွန်တော် ဒီကောင်ကိုကြည့်တာ လ တော်တော်ကြာသွားတယ်။ ကြားထဲမှာ တခြားဟာတွေ ကြည့်နေသေးတာကိုး။ ဒါပေမဲ့အဆုံးသတ် ကြည့်ပြီးသွားတော့ ကျေနပ်လား ဆိုတော့ ကျေနပ်ပါတယ်။
သမိုင်းစိတ်ဝင်စားတဲ့သူ၊ စစ်အကြောင်းတွေကို စိတ်ဝင်စားတဲ့သူတွေအတွက်တော့ လုံးဝ အားရကျေနပ်စေမဲ့ series တစ်ခုပါ။

0 comments:
Post a Comment