Ajeeb Daastaans (2021)


 

Rating : 6.7/10
Country : India
Genre : Drama, Romance
Cast : Fatima Sana Shaikh, Jaideep Ahlawat, Nushrat Bharucha 
Released Date : 2021
Duration : 2h 22min

အညွှန်း
Ajeeb Daastaans ဟာ ဇာတ်လမ်းငယ်လေးခုပေါင်းစပ်ပါဝင်တဲ့ Anthology ပုံစံရုပ်ရှင်ဖြစ်ပါတယ်။Anthology ဆိုပေမယ့် ပြီးခဲ့တဲ့ နှစ်က နာမည်ကြီးခဲ့တဲ့ Ludo လို ဇာတ်အိမ်အကျယ်ကြီးထဲမှာ ဇာတ်ကောင်တွေ တစ်နည်းမဟုတ်တစ်နည်းချိတ်ဆက်နေတဲ့ပုံစံမျိုးမဟုတ်ပဲ ဇာတ်လမ်းလေးခုလုံးဟာ သီးခြားရပ်တည်နေတဲ့ ဇာတ်အိမ်ကိုယ်စီသီးသန့်ဖြစ်ပါတယ်။ ဘောလိဝုဒ်နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်ထွက်ခဲ့တဲ့ Bombay Talkies လိုပုံစံမျိုးပါ။

ပထမဆုံး ဇာတ်လမ်း Majnu ဟာအချစ်မပါတဲ့အိမ်ထောင်ရေးမှာထွက်ပေါက်မဲ့နေတဲ့အမျိုးသမီးတစ်ယောက်၊ သူ့အပေါ်မစုံမက်တဲ့အကြောင်းပေါ်တင်ပြောပြီးပစ်ပယ်ထားတဲ့ ခင်ပွန်းသည်၊ လောကကြီးနဲ့ အရာအားလုံးကို စိတ်အချဉ်ပေါက်အရွဲ့တိုက်နေတဲ့ မိန်းမတစ်ယောက်ဘဝထဲ ဝင်လာတဲ့တစ်ခြားသူစိမ်းတစ်ယောက်တို့ကြားက ဇာတ်လမ်းဖြစ်ပါတယ်။

ဒုတိယ ဇာတ်လမ်း Khilauna ကတော့ အဆင့်မြင့်အိမ်ယာကြီးတစ်ခုရယ်၊ သူတို့အနီးအနားကျူးကျော်ရပ်ကွက်လိုနေရာမျိုးက ဆင်းရဲသားတွေ၊ အဆင့်မြင့်အိမ်ယာကြီးက အိမ်တွေမှာ အိမ်ဖော်အဖြစ်အသက်မွေးတဲ့ ဆင်းရဲသူမိန်းမလှလေး၊ သူ့ညီမငယ်၊ သူ့သူငယ်ချင်းလဲဟုတ် အီစီကလီလဲဖြစ်တဲ့ ဒိုဘီသမားလူငယ်လေး နဲ့ တိုက်တန်းကြီးပေါ်ကလူတွေရဲ့ ဆက်ဆံရေး တွေကနေ သူတို့ကြားမှာ အမှုအခင်းတစ်ခုဖြစ်လာရတဲ့ ဇာတ်ရှုပ်ပါ။

တတိယ ဇာတ်လမ်းကတော့ Geeli Pucchi ဖြစ်ပါတယ်။
စက်ရုံတစ်ခုမှာ မိန်းကလေးတန်မယ့် မက္ကင်းနစ်နေရာကို ယောက်ျားတွေနဲ့ တန်းတူဝင်လုပ်နေရတဲ့ စိတ်ကြမ်းကိုယ်ကြမ်းဒီဇိုင်းနဲ့ မိန်းမတစ်ယောက်၊သူလိုချင်နေတဲ့ ဒေတာအော်ပရေတာရာထူးကို အပေါ်ကနေဖြတ်လမ်းနဲ့ရသွားတဲ့ သိမ်သိမ်မွေ့မွေ့ဇာတ်မြင့်မိန်းမလှတစ်ယောက်။ သူတို့နှစ်ယောက်ကြားက မိတ်ဆွေထက်ပိုလာမယ့်မိန်းမချင်း ဆက်ဆံရေးတို့ကို ပါးပါးလေးထင်ဟပ်ထားတဲ့ ဇာတ်လမ်းပါ။

စတုတ္ထနဲ့ နောက်ဆုံး ဖြစ်တဲ့ Ankahi ကတော့ ကျွန်တော်အကြိုက်ဆုံးတစ်ခုဖြစ်ပါတယ်။
နားမကြားတဲ့ သမီးငယ်ရဲ့ပြဿနာကို အခြေပြုပြီး တစ်စတစ်စ အိမ်ထောင်ရေးအေးစက်လာတဲ့ သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်ဟာ သူမထက်ငယ်ရွယ်တဲ့ဓာတ်ပုံဆရာနားမကြားလူချောလေးတစ်ယောက်ဆီမှာ အချစ်ကိုရှာဖွေမိပုံပါပဲ၊ဒီဇာတ်လမ်းကိုတော့ ဒီလောက်ပဲပြောထားတာကောင်းပါတယ်။

ဇာတ်လမ်းလေးခုလုံးကို လူငယ်ဒါရိုက်တာလေးယောက် လက်စွမ်းပြထားပြီး သူတို့ရဲ့ တစ်ချို့လက်ရာတွေက ဒီကပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်ပါတယ်။

သရုပ်ဆောင်တွေအားလုံးကလဲ သဘာဝကျကျ အပိုအလိုမရှိ စွမ်းဆောင်ပြနိုင်သူတွေပါ။ နက်ဖလစ် ဇာတ်ကားဖြစ်တဲ့အတွက် အပြောရဲအပြရဲ ဇာတ်ဝင်ခန်းတစ်ချို့ကြောင့်မိသားစုနဲ့ကြည့်ရင် မျက်နှာပူစရာတွေ ပါပါတယ်။ ဒီကားထဲက ဇာတ်လမ်းတစ်ခုချင်းဆီက ဇာတ်ကောင်တွေဟာ လူတွေထဲကလူတွေပဲဖြစ်ပါတယ်။

ဆုံးမစကားတွေမပြောဘူး၊ ပညာတွေလဲမပေးပါဘူး၊ ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ဆုံးဖြတ်ချက်တွေမချကြဘူး။ စိတ်ထားတွေ အသားလွတ် ဖြူစင်ကောင်းမွန်မနေကြဘူး။ အမှားတွေလဲလုပ်ချင်လုပ်ပစ်လိုက်ကြတယ်၊ကိုယ်ကိုယ်တိုင်ဝင်ခံစားကြည့်လို့ရတဲ့ လူတွေ၊ ဇာတ်လမ်းမျိုးတွေပါ။

မီးရထားနဲ့ ခရီးသွားရင်း လမ်းဘေးကရှုမျှော်ခင်းတွေကိုငေးရင်း ဘဝတွေကိုမြင်ရတွေ့ရတဲ့ အရသာမျိုးပေါ့၊ တစ်ချို့မြင်ကွင်းတွေကမြင်ပြီးတဲ့ ခဏမှာတင် အာရုံထဲကပျောက်ကွယ်သွားပြီးတစ်ချို့မြင်ကွင်းတွေကတော့ အချိန်အကြာကြီး စိတ်ထဲစွဲထင်ကျန်နေခဲ့တာမျိုးပါပဲ။

0 comments:

Post a Comment