“မစ္စတာချမ်ဒရာမိုလီ
သို့မဟုတ်
ကျွန်တော့်ရဲ့ ရွှေရောင်နှလုံးသားနဲ့ အဖေ”
အဖေက ပျော်ပျော်နေတတ်တယ်၊
လူချစ်လူခင် ပေါတယ်၊
ကွယ်လွန်သူ အမေ့ရဲ့ အသုံးအဆောင်
ပစ္စည်းပစ္စယ အတိုအထွာလေးတွေကို
အမေ သိပ်မြတ်နိုးခဲ့တဲ့ ကားအဟောင်းလေးရဲ့ Dash Board မှာ ထည့်ထည့်ည့်ပြီး သိမ်းထားတတ်တယ်။
ဒီကား အဟောင်းလေးကိုပဲ နာမည်ပေးထားလိုက်သေး၊ ပါ့ဒ်မနီတဲ့။
သူ့ဘာသာ ဘယ်လောက်ပဲ မြတ်နိုးနေပါစေ၊ ပစ္စည်းသင်္ခါရ လူသင်္ခါရမို့
အဖေလည်း အို၊ ကားလေးလည်း အိုနေပါပြီ။
အော် ကျွန်တော့်အကြောင်း
ပြောဖို့ မေ့နေလိုက်တာ
ကျွန်တော်က အပျော်တမ်း လက်ဝှေ့ထိုးတဲ့သူပါ
ဒီမြို့က Go Cabs လုပ်ငန်းရဲ့ CEO
မစ္စတာဗီနာယာ့ခ်က ကျွန်တော့်ကို
စပွန်ဆာ ပေးထားတာ. . .
ကျွန်တော်ထိုးမယ့် လက်ဝှေ့ပွဲဆို
အဖေ လာကြည့်တတ်တယ်၊
ထုံးစံအတိုင်း သူ့ကား အဟောင်းလေးနဲ့မို့
လမ်းမှာ တစ်ခုခု ထဖောက်ပြီး
ထိုးရပ်သွားတတ်တာမို့
ကျွန်တော့်လက်ဝှေ့ပွဲပြီးမှ
ရောက်ရောက် လာတတ်တာလည်း အဖေ့ရဲ့ ထုံးစံတစ်ခုလို ဖြစ်နေပြီ။
သူ့ကားလေး ထိုးရပ်သွားလို့
တစ်စုံတစ်ယောက်ကို ကားတွန်းခိုင်းရမယ်ဆို အဖေ ပြောနေကျ စကားက
“ကျေးဇူးပြုပြီး ကျွန်တော့်ကားလေးကို
မြတ်မြတ်နိုးနိုးနဲ့ ဖွဖွလေး တွန်းပေးပါလားဗျာ”တဲ့
ပြောသာ ပြောရတယ်
ကျွန်တော်ကတော့ အဖေ့ကားကို
ယောင်လို့တောင် တစ်ခါမှ တွန်းမပေးဖူးသလို ဒီကားလေးကိုပဲ အသစ်တစ်စီးနဲ့ လဲပစ်ဖို့ အဖေ့ကို နားချပြီး
ကားအရောင်းပြခန်းကို ခေါ်ခေါ်သွားရတာလည်း အခါခါ။
ကျွန်တော့်ဘက်က ဘယ်လောက်ပဲ နားချပါစေ၊ကျွန်တော် ကျေနပ်အောင် ကားအရောင်းပြခန်းကို အဖေလိုက်တယ်၊ဟိုကားကြည့် ဒီကားကြည့်နဲ့
နောက်ဆုံး ဘယ်ကမှမဝယ်ပဲ
သူ့အချစ်တော် ကားအဟောင်းလေးနဲ့ပဲ
သားအဖနှစ်ယောက် အိမ်ကိုပြန်လာရတာလည်း အကြိမ်ကြိမ်မို့
အရောင်းပြခန်းက ဝန်ထမ်းတွေတောင်
ကျွန်တော်တို့ သားအဖကို မကြည်ဖြူတော့ဘူးလေ။
ဒီလိုနဲ့ ကျွန်တော်လည်း ပြည်နယ်အဆင့် လက်ဝှေ့ယှဉ်ပြိုင်ပွဲအထိ အောင်မြင်မှုတွေ ရလာခဲ့ပြီးနောက်ပိုင်း ကားအသစ်တစ်စီး ဝယ်လိုက်တယ်။
အဲ့ဒိ်ညနေက အဖေ့မျက်နှာဟာ ပုံမှန်မြင်နေကျလို ဟက်ဟက်ပက်ပက် မရှိလှဘူး၊တစ်ခုခုကို စိုးရိမ်သောက ရောက်နေတဲ့ ပုံစံမျိုးနဲ့ ဉာဉ့်နက်တဲ့အထိ မအိပ်ဘူး။
အဖေနဲ့ ကျွန်တော်
စကားစမြည်ပြောပြီး
သူ့အချစ်တော်ကလေးနဲ့ မနက် 3 နာရီမှာ
အပြင်ထွက်ခဲ့ကြတယ်။
သားအဖ နှစ်ယောက်မှာ ကျွန်တော်တစ်ယောက်ပဲ အောင်မြင်မှုကို ကျေနပ်ပြီး
စကားတွေ ပြောမပြီးနိုင် ဖြစ်နေပေမယ့်
အဖေကတော့ တစ်ခုခုကို စဉ်းစားပြီး ဘာမှမပြောပဲ ပါလာတယ်။
အချိန်အတော်ကြာတော့မှ
တစ်ခုခုကို ပြောဖို့ ဟန်ပြင်တယ်. . .
အဲ့ဒီအချိန်. . .
အဲ့ဒီအချိန်မှာပဲ
ဘေးဘက်ကနေ အရှိန်ပြင်းပြင်းနဲ့ ဝင်လာတဲ့ ထရပ်ကားကြီးဟာ ကျွန်တော်တို့ကားဆီကို ဝင်အတိုက်. . ..
“ဝုန်း”
လောကကြီးကို
2 ပေထက် ပိုမမြင်ရတဲ့သူ တစ်ယောက်အတွက် အရာရာဟာ မှုံဝါးနေတယ်
အဲ့ဒီထက်ပိုကြီးတော့ လောကဓံကို
တံတိုင်းကြီးတစ်ခုလို ကာဆီးပြီး
ဘဝနေနည်းတွေ သင်ပေးခဲ့တဲ့
အဖေ မရှိတော့တာက
တစ်လောကလုံး မှောင်မိုက်သွားသလိုပါပဲ အဖေ. . .
ရိုးရိုးလေး ပြောရရင်
ဒီကားက သားအဖ နှစ်ယောက်ကြားက
သိမ်မွေ့နူးညံ့တဲ့ ၅၂၈ မေတ္တာကို
အခြေခံပြီး လျှို့ဝှက်နက်နဲတဲ့
အစဉ်လိုက် လူသတ်မှုတွေကို
ဖော်ထုတ်တဲ့ကားပါပဲ
ဒီနှစ်ရဲ့ ကြည့်သင့်တဲ့
တောင်ပိုင်း ကားစာရင်းမှာ
ဒီကားလေးကို ကျွန်တော် ထည့်ပါရစေ.

0 comments:
Post a Comment